ကူးစက်မှုအန္တရာယ်နည်းတဲ့ ဧရိယာများအတွင်းရှိ ရုပ်ရှင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
Ko John

တရုတ်နိုင်ငံမှာ COVID-19 ကူးစက်မှုနှေးကွေးစေရန် ခြောက်လကြာ ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံများ ယနေ့ (ဇူလိုင် ၂၀ ရက်) ပြန်ဖွင့်ပြီလို့ သိရပါတယ်။

(Photo: CNS)

China Film Administration က ကူးစက်မှုအန္တရာယ်နည်းတဲ့ ဧရိယာများအတွင်းရှိ ရုပ်ရှင်တွေကို ယနေ့မှစပြီး ပြန်လည်ဖွင့်လှစ် ပြသခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ တရုတ်ရဲ့ နေရာအများစုဟာ ယခုအခါ ကူးစက်မှုအန္တရာယ်နည်းတဲ့ အခြေအနေလို့ သတ်မှတ်ထားပြီး တစ်နိုင်ငံလုံးမှာ လုပ်ငန်းများပြန်ဖွင့်နေပါတယ်။



တရုတ် ရုပ်ရှင်ရုံလုပ်ငန်းဟာ ဇန်နဝါရီလအတွင်းမှစပြီး ပိတ်ပင်ရမှုတွေကြောင့် ဆိုးရွားစွာ ထိခိုက်ဆုံးရှုံးမှုကြုံခဲ့ရကာ အများအပြားက လုပ်ငန်းရပ်ဆိုင်းခဲ့ရပါတယ်။ ပြန်ဖွင့်ခွင့်ပြုလိုက်တဲ့ တရုတ်ရုပ်ရှင်ရုံတွေကို တင်းကျပ်တဲ့ စည်းမျဥ်းများ သတ်မှတ်ထားပါတယ်။ ရုပ်ရှင်ရုံရဲ့ ထိုင်ခုံအရေအတွက် ၃၀ ရာခိုင်နှုန်းသာ လက်မှတ်ရောင်းချခွင့်ပြုထားပြီး ရုပ်ရှင်ရုံတစ်ရုံမှာ ပြသတဲ့ ဇာတ်ကားအရေအတွက်ကိုလည်း ယခင်အရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချပြသစေကြောင်း သိရပါတယ်။

(Photo: Reuters)

ထို့အတူ ရုပ်ရှင်ကြည့်ပရိသတ်ကို ကိုယ်အပူချိန်တိုင်းခြင်း၊ ရုပ်ရှင်ကြည့်သူတွေနဲ့ ဝန်ထမ်းများအားလုံး အချိန်ပြည့် mask တပ်ထားရမယ်လို့လည်း သတ်မှတ်ညွှန်ကြားထားပါတယ်။ ရုပ်ရှင်လက်မှတ်တွေကို အွန်လိုင်းမှတစ်ဆင့် ရောင်းချရမှာဖြစ်ပြီး သီးခြားစီဖြစ်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်အုပ်စုတွေဟာ ၃ ပေခွာပြီး ထိုင်ကြရမယ်လို့ ဆိုပါတယ်။

ကန့်သတ်ချက်တွေအရ ရုပ်ရှင်ရုံတွေမှာ အစားအစာ သို့မဟုတ် အချိုရည်များ ရောင်းချခွင့်မပြုထားပါဘူး။ တရုတ်ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံ ရှိခဲ့ပါတယ်။ သို့သော် တရုတ်မှာ ရုပ်ရှင်ရုံများ ပိတ်သိမ်းခြင်းကြောင့် ရုပ်ရှင်လက်မှတ်ဝင်ငွေဟာ သိသာစွာ လျော့ကျသွားမယ်လို့ ခန့်မှန်းထားခဲ့ပြီး ပြည်တွင်းနဲ့ ဟောလိဝုဒ်ဇာတ်ကားတွေ ရုံတင်ပြသမယ့် အစီအစဥ်များ ဖျက်သိမ်းခြင်း သို့မဟုတ် အွန်လိုင်းမှာ ပြသခြင်းတို့ ပြောင်းလဲလုပ်ဆောင်ကြပါတယ်။

(Photo: News.cn/Xinhua)

၂၀၂၀ ခုနှစ် ပထမခြောက်လအတွက် ရုပ်ရှင်ရုံလုပ်ငန်း အရှုံးပေါ်မယ်လို့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရုပ်ရှင်ရုံလုပ်ငန်းပိုင်ရှင် Wanda Film က ယခုလအစောပိုင်းမှာ သတိပေးခဲ့ပါတယ်။ Wanda Film ဟာ တရုတ်နိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံ ၆၀၀ ကျော်ရှိပြီး ယခုနှစ် ပထမခြောက်လမှာ ယွမ်ငွေ ၁.၆ ဘီလီယံ အရှုံးပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။ ယမန်နှစ်ရဲ့ ပထမခြောက်လမှာတော့ Wanda Film ဟာ အမြတ်အစွန်း ယွမ်ငွေ ၅၂၄ သန်းရရှိခဲ့ကြောင်းလည်း BBC သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က