ဘေဂျင်းမြို့အနီး ဟီဘေးပြည်နယ်ရှိ နေရာဒေသတစ်ခုကို lockdown လုပ်ထားပါတယ်။
Ko John

တရုတ်နိုင်ငံ ဟီဘေးပြည်နယ်မှာ COVID-19 ကူးစက်မှုအသစ်များ ဖြစ်ပွားလာမှုထိန်းချုပ်ရန် လူဦးရေ သန်းတစ်ဝက်နီးပါးကို တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်ချက်များ ဇွန် ၂၈ ရက်နေ့က သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။

(Photo: AFP)

ကူးစက်ဖြစ်ပွားမှုဟာ ပြင်းထန်ပြီး ရှုပ်ထွေးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ COVID-19 ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လတ်တလော သီတင်းပတ်များအတွင်း ဘေဂျင်းမြို့တော်မှာ ကူးစက်မှုအသစ် ၃၀၀ ကျော်နဲ့ အနီးအနားရှိ ဟီဘေးပြည်နယ်မှာလည်း ကူးစက်မှုတွေ ပြန်တွေ့လာခဲ့ရပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ ဘေဂျင်းနဲ့ ၉၃ မိုင်အကွာရှိ လူဦးရေ ၅၀၀,၀၀၀ နီးပါး နေထိုင်ကြတဲ့ Anxin ဒေသကို ယခုနှစ်အစောပိုင်းက COVID-19 စတင်တွေ့ရှိရာ ဝူဟန်မြို့မှာ ဆောင်ရွက်ခဲ့မှုအတိုင်း အဝင်အထွက် လုံးဝ ပတ်ပင်ပြီး ထိန်းချုပ်ထားကြောင်း သိရပါတယ်။ Anxin မှာ နေထိုင်ကြတဲ့ မိသားစုတွေကို အစားအစာနဲ့ ဆေးဝါးကဲ့သို့ လိုအပ်တဲ့အရာများ ဝယ်ယူရန်အတွက် တစ်ရက်လျှင် တစ်ဦးသာ အပြင်ထွက်ခွင့်ပြုထားကြောင်း ထိုဒေသရဲ့ ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းအဖွဲ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: AFP)

ယမန်နေ့က ထုတ်ပြန်မှုတွေအရ ဘေဂျင်းမြို့မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၄ ဦး တွေ့ရှိလာရပြီးနောက် ဟီဘေး (Hebei) ပြည်နယ်ရှိ Anxin ဒေသမှာ lockdown အစီအမံများ ချမှတ်ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ ဘေဂျင်းမြို့မှာ ဇွန်လလယ်ပိုင်းမှစပြီး လက်ရှိအချိန်အထိ COVID-19 ကူးစက်မှုအသစ် ၃၁၁ ခု တွေ့ရှိထားပြီး မြို့ရဲ့လူဦးရေ သန်း ၂၀ ကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်နေပါတယ်။

ဘေဂျင်းမှာ ပြန်တွေ့လာရတဲ့ ကူးစက်မှုတွေဟာ Xinfadi အစားအစာ လက်ကားဈေးကြီးနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ Anxin ဒေသရှိ စီးပွားရေးလုပ်ငန်းတွေဟာ ဘေဂျင်းမြို့ရှိ Xinfadi လက်ကားဈေးကြီးသို့ ရေချိုငါးများ တင်သွင်းရောင်းချနေကြကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua က ဖော်ပြထားပါတယ်။ Anxin မှာ COVID-19 ကူးစက်ခံရသူ ၁၂ ဦးခန့် စစ်ဆေးတွေ့ရှိခဲ့ရပြီး ၁၁ ဦးဟာ Xinfadi လက်ကားဈေးကြီးနဲ့ ဆက်နွယ်နေတယ်လို့ အစိုးရသတင်းဌာန Global Times က ပြောပါတယ်။

(Photo: EPA-EFE)

ဘေဂျင်းမြို့မှာ ကူးစက်မှုအသစ်တွေ ပြန်တွေ့လာရကြောင့် တရုတ်နိုင်ငံအတွင်း COVID-19 တစ်ကျော့ပြန် ဖြစ်ပွားလာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။ လူဦးရေ သန်း ၂၀ ရှိတဲ့ ဘေဂျင်းမြို့မှာ ဗိုင်းရပ်စ်စစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး အာဏာပိုင်တွေက ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ ပြောထားခဲ့ပါတယ်။ ဘေဂျင်းအာဏာပိုင်တွေက ဇွန် ၂၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့မှုအရ လူဦးရေ ၈.၃ သန်းရဲ့ ဓာတ်ခွဲနမူနာများကို ရယူထားပြီးဖြစ်ကာ ၎င်းတို့အနက် ၇.၇ သန်းကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

(Map: Google Maps)

ယခုအခါ ဘေဂျင်းရှိ အလှပြင်ဆင်နဲ့ ဆံပင်ညှပ်ဆိုင်များမှ အပါအဝင် ဝန်ထမ်းအားလုံးကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ တိုးချဲ့ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီးနောက် ယခုအခါ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၁၀ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် လူ ၅၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ပြန်လည်သက်သာလာသူ ၅.၄ သန်းကျော်ရှိခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က