loading...

loading...

loading...

COVID-19 လူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူ သံသယလူနာများကို သီးသန့်ခွဲထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။
Ko John

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ COVID-19 လူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူ သံသယလူနာများကို သီးသန့်ခွဲထားရာ နေရာအဖြစ် အသုံးပြုခဲ့တဲ့ဟိုတယ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက ယနေ့ (မတ်လ ၈ ရက်) ပြောပါတယ်။

(Photo: AFP)

အစောပိုင်းမှာ ကယ်ဆယ်ရေးသမားတွေကို ဟိုတယ်အပျက်အစီးများထဲမှ လူ ၄၃ ဦးကို ပြန်ထုတ်ယူနိုင်ခဲ့ပြီး ၎င်းတို့အနက် ၃၇ ဦး အသက်ရှင်ခဲ့တယ်လို့ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန လက်အောက်ခံ မီးသတ်ဌာနရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ပြောထားခဲ့ပါတယ်။

နောက်ဆက်တွဲသတင်းအရ ဟိုတယ်ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၂၀ ဦးအထိ မြင့်တက်လာကြောင်းနဲ့ နောက်ထပ် လူ ၁၀ ဦး အပျက်အစီးများအောက်မှာ ပိတ်မိနေဆဲဖြစ်နိုင်ကြောင်း သိရပါတယ်။ ဟိုတယ်ပြိုကျမှုဖြစ်ပွားခဲ့တဲ့ ကမ်းရိုးတန်းဒေသရှိ Quanzhou မြို့မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံလူနာ ၄၇ ဦးရှိပြီး ၎င်းတို့နဲ့ ထိတွေ့မှုရှိခဲ့သူတွေကို အဆိုပါဟိုတယ်မှာ သီးသန့်ခွဲထားခဲ့ကြောင်း People's Daily သတင်းစာက ဖော်ပြပါတယ်။

(Photo: AFP)

ကယ်ဆယ်ရေးသမားတွေက ပြိုကျခဲ့တဲ့ အထပ်ခြောက်ထပ်ပါ Xinjia ဟိုတယ် အပျက်အစီးများအောက်မှ ပြန်ထုတ်ယူခဲ့သူတွေအနက် အသက် ၁၂ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးနဲ့ နောက်ထပ် ပိုငယ်တဲ့ ကလေးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဟိုတယ်ပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြတဲ့ ကယ်ဆယ်ရေးသမားတွေဟာ ဗိုင်းရပ်စ်အန္တရာယ်ရှိတာကြောင့် တစ်ဦးကိုတစ်ဦး ပိုးသတ်ဆေးများ ဖြန်းနေတာကိုလည်း ဗီဒီယိုမှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။

တရုတ်မီဒီယာတွေက ဟိုတယ်မျက်နှာချင်းဆိုင် လမ်းပေါ်မှာတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာများရဲ့ မှတ်တမ်းကို ဖော်ပြခဲ့ကြရာမှာ ဟိုတယ်ဟာ စက္ကန့်ပိုင်းအတွင်း ပြိုကျသွားခဲ့တာတွေ့ရကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ဟိုတယ်ပြိုကျမှုဖြစ်ပွားချိန်မှာ လူကိုးဦးက ၎င်းတို့ဘာသာ အပျက်အစီးများထဲမှ အပြင်ကိုလွတ်မြောက်လာခဲ့တယ်လို့ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန ပြောပါတယ်။

(Photo: AFP)

ယမန်နေ့ (မတ်လ ၇ ရက်) က ပြိုကျခဲ့တဲ့ Xinjia ဟိုတယ်ရဲ့ ပထမထပ်ကို တရုတ်နှစ်သစ်ကူးမတိုင်မီကတည်းက အသစ်ပြုပြင်ဆောက်လုပ်နေခဲ့ပြီး ပြိုမကျမီ မိနစ်ပိုင်းမျှအလိုမှာ ဆောက်လုပ်ရေးလုပ်သားတွေက ဟိုတယ်ပိုင်ရှင်ထံ ဖုန်းဆက်ပြီး တိုင်လုံးတစ်လုံး ယိုင်နေကြောင်း သတင်းပို့ပြောကြားခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ရဲတပ်ဖွဲ့က ဟိုတယ်အဆောက်အအုံပိုင်ရှင်ကို ဆင့်ခေါ်ထားပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ဟိုတယ်ပြိုကျမှုဟာ အသစ်ပြုပြင်တည်ဆောက်မှုကြောင့် သို့မဟုတ် မူလဖွဲ့စည်းတည်ဆောက်ပုံကြောင့် ဖြစ်ကြောင်း သိရှိနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒေသခံသတင်းဌာန Quanzhou Evening News ရဲ့ အဆိုအရ ဟိုတယ်ပြိုကျစဥ် လူ ၅၉ ဦးကို ထိုဟိုတယ်မှာ သီးသန့်ခွဲထားခဲ့ကြောင်းနဲ့ ၎င်းတို့အားလုံးဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်း မရှိဘူးလို့ သိရပါတယ်။

(Photo: Reuters)

တရုတ်ပြည်မကြီးမှာ မတ်လ ၈ ရက် မွန်းလွဲပိုင်းအထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀,၆၉၅ ဦး စစ်ဆေးအတည်ပြုထားပြီး ၎င်းတို့အနက် ၃,၀၉၇ ဦး သေဆုံးခဲ့ပါတယ်။ မတ်လ ၈ ရက် မွန်းလွဲပိုင်းအထိ တရားဝင် စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၄,၃၉၃ ဦးအထိနဲ့ သေဆုံးသူ ၃,၅၉၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ 

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က