တရုတ်အလယ်ပိုင်းနဲ့ အရှေ့ပိုင်း နေရာဒေသတွေမှာ ရေကြီးမှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။

တရုတ်မှာ မိုးသည်းထန်မှု ဆက်လက်ဖြစ်ပေါ်နေပြီး နိုင်ငံတစ်ဝန်း မြစ်ရေများတိုးလာနေရာ ရေကြီးမှုအန္တရာယ် လျော့ပါးသက်သာစေရန် အရှေ့ပိုင်း‌ဒေသ Anhui ပြည်နယ်ရှိ ရေကာတာတစ်ခုကို ချိုးဖျက်ပြီး ရေများဖောက်ထုတ်ခဲ့ရကြောင်း ဒေသခံမီဒီယာက ယနေ့ (ဇူလိုင် ၂၀ ရက်) သတင်းဖော်ပြပါတယ်။

(Photo: AFP)

တရုတ်အလယ်ပိုင်းနဲ့ အရှေ့ပိုင်း နေရာဒေသတွေမှာ ရေကြီးမှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး လူ ၁၄၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လအစပိုင်းကတည်းက ဖြစ်ပေါ်နေတဲ့ ရေကြီးမှုတွေကြောင့် လူဦးရေ ၂၄ သန်းနီးပါး ရေဘေးသင့်နေခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြောပါတယ်။



အဓိက မြစ်တွေနဲ့ ရေကန်တွေမှာ ရေများ စံချိန်တင်မြင့်တက်လာမှုကြောင့် အာဏာပိုင်တွေက အရံ ရေလှောင်တမံများဆီသို့ ရေလွှဲပို့လွှတ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ Anhui ပြည်နယ်ရှိ Chu မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့ ရေကာတာတစ်ခုမှာ ရေမျက်နှာပြင် သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်လာရန် နီးကပ်လာတာကြောင့် တနင်္ဂနွေနေ့ (ဇူလိုင် ၁၉ ရက်) က ရေကာတာကို ချိုးဖျက်ပစ်ပြီး ရေများဖောက်ထုတ်ခဲ့ရပါတယ်။

(Photo: China News Service/Getty Images)

ရေကာတာကို ဖောက်ထုတ်မှုဟာ အနီးအနားမှာ နေထိုင်ကြတဲ့ လူတွေ ရေဘေးအန္တရာယ်ကင်းစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ မိုးသည်းထန်မှု ဆက်ဖြစ်နေပြီး အပေါ်ဖက်မှ ရေများ စီးဆင်းလာတာကြောင့် ယန်ဇီမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ Chu မြစ်မှာ ရေမျက်နှာပြင် မြင့်တက်လာခဲ့ပါတယ်။

ရေကာတာကို ချိုးဖျက်ပြီး ရေများဖောက်ထုတ်ခဲ့မှုဖြင့် Chu မြစ်ရဲ့ ရေမျက်နှာပြင်ကို ၂ ပေဝန်းကျင် လျှော့ချနိုင်မယ်လို့ ခန့်မှန်းရကြောင်း တရုတ်အစိုးရသတင်းဌာန Global Times က ဖော်ပြပါတယ်။ တရုတ်အရှေ့ပိုင်း Anhui ပြည်နယ်အတွင်းရှိ ယန်ဇီနဲ့ Huaihe အပါအဝင် မြစ် ၃၅ စင်းမှာ ရေမျက်နှာပြင် မြင့်တက်နေပြီး စနေနေ့ (ဇူလိုင် ၁၈ ရက်) မွန်းလွဲပိုင်းမှာ သတိပြုရမယ့် အတိုင်းအတာထက် ကျော်လွန်လာခဲ့ကြောင်း Xinhua သတင်းက ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က