တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အထက်တန်း ကျောင်းသူကျောင်းသားများ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး ရုတ်တရက် ဆန့်ကျင်ဘက် ယာဥ်ကြောသို့ ရောက်ရှိသွားပြီးနောက် အကာအရံများကို ဝင်တိုက်ကာ ရေလှောင်တမံအတွင်း ထိုးကျခဲ့ရာ ၂၁ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
ယနေ့ (ဇူလိုင် ၇ ရက်) မွန်းလွဲပိုင်းက တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ် Anshun မြို့မှာ ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Hongshan ရေလှောင်တမံအတွင်း ထိုးကျနစ်မြုပ်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူ ၃၈ ဦးရှိခဲ့ပြီး အများစုဟာ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုမယ့် ကျောင်းသူကျောင်းသားများဖြစ်တယ်လို့ ဆိုပါတယ်။
ဘတ်စ်ကား မတော်တဆဖြစ်ရပ် အကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ CCTV မှတ်တမ်းအရ အပြာရောင် ဘတ်စ်ကားဟာ မောင်းနှင်လာစဥ် ရုတ်တရက် ဆန့်ကျင်ဘက်ယာဥ်ကြောသို့ ကွေ့ထွက်သွားခဲ့ပြီးနောက် အကာအရံတွေ ဝင်တိုက်ကာ ရေလှောင်တမံအတွင်း ထိုးကျသွားတာ တွေ့ရပါတယ်။
ဘတ်စ်ကား ရေလှောင်တမံအတွင်း ထိုးကျသွားတဲ့နေရာသို့ ရေငုပ်သမား ၁၉ ဦး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၄၁ ဦးက ကယ်ဆယ်ရေး သွားရောက်လုပ်ဆောင်ခဲ့ကြောင်း Guizhou ပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ ကယ်ဆယ်ရေးခေါင်းဆောင်တစ်ဦးက The Beijing News ကို ပြောကြားမှုအရ ဘတ်စ်ကားထိုးကျသွားတဲ့ Hongshan ရေလှောင်တမံရဲ့ အနက်ဆုံးနေရာဟာ ပေ ၅၀ ခန့်ရှိကြောင်း သိရပါတယ်။
ဘတ်စ်ကားထိုးကျသွားတဲ့ ရေလှောင်တမံနေရာမှာတော့ ရေအနက် ၃၃ ပေခန့်ရှိတယ်လို့ ဆိုပါတယ်။ ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲအထိ စုစုပေါင်း လူ ၃၆ ဦးကို ရေလှောင်တမံအတွင်း ဘတ်စ်ကားထဲမှ သယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၂၁ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၅ ဦးကိုတော့ နီးစပ်ရာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှာ အထက်တန်း ကျောင်းသူကျောင်းသား ၁၁ သန်းနီးပါးဟာ နှစ်ရက်ကြာ ကျင်းပပြုလုပ်တဲ့ ကောလိပ်ဝင်ခွင့် စာမွေးပွဲကို ယနေ့ စတင်ဖြေဆိုနေကြတယ်လို့ ဆိုပါတယ်။ မူလက ထိုစာမေးပွဲကို ဇွန်လအတွင်း ကျင်းပပြုလုပ်ရန်ဖြစ်ပေမဲ့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းထားခဲ့တာလည်း ဖြစ်ပါတယ်။
.