ဂြိုဟ်တုဓာတ်ပုံတွေကို အခြေခံတဲ့ ဟားဗတ်တက္ကသိုလ် သုတေသနတစ်ခုက ညွှန်ပြနေပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေကို အခြေခံ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ COVID-19 ကပ်ရောဂါဟာ တရုတ်နိုင်ငံမှာ အစောဆုံးအဖြစ် ယမန်နှစ် ဩဂုတ်လကတည်းက ကူးစက်ပျံ့နှံ့နေခဲ့နိုင်ကြောင်း သိရပါတယ်။

(Photo: IANS)

၂၀၁၉ ခုနှစ် ဩဂုတ်လမှစပြီး ဝူဟန်မြို့ ဆေးရုံအပြင်ဘက်မှာ ယာဥ်အသွားအလာ သိသိသာသာ မြင့်တက်လာခဲ့မှုနဲ့ အင်တာနက်ရှာဖွေမှု အချက်အလက်တွေအရ ထိုဒေသအတွင်း COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ ယခင် သိရှိထားခဲ့တာထက် ပိုစောပြီး ကူးစက်ပျံ့နှံ့နေခဲ့ဖွယ်ရှိကြောင်း ဟားဗတ်တက္ကသိုလ် (Harvard Universit) ရဲ့ ဟားဗတ်ဆေးဘက်ဆိုင်ရာကျောင်း (Harvard Medical School) က ပြုလုပ်ခဲ့တဲ့ သုတေသနက ဆိုပါတယ်။



သုတေသနမှာ ဝူဟန်မြို့ရှိ ဆေးရုံ ကားပါကင်နေရာတွေရဲ့ ကြည်လင်ပြတ်သားတဲ့ ဂြိုဟ်တုပုံရိပ်တွေကို အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် ချောင်းဆိုခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကဲ့သို့ COVID-19 လက္ခဏာ စာလုံးများ အင်တာနက်ရှာဖွေမှု အချက်အလက်တွေကိုလည်း အခြေခံခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

COVID-19 ရောဂါကို တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ယမန်နှစ် ဒီဇင်ဘာလကုန်က စတင်တွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရက အတည်ပြု ထုတ်ပြန်ထားခဲ့တာလည်း ဖြစ်ပါတယ်။ "ဝူဟန်မြို့မှာ ဆေးရုံသို့ ယာဥ်အသွားအလာနဲ့ အင်တာနက်မှာ ရောဂါလက္ခဏာ ရှာဖွေမှုဆိုင်ရာ အချက်အလက်တွေအရ SAR-CoV-2 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထက် ပိုစောခဲ့ပါတယ်" လို့ သုတေသနက ပြောထားပါတယ်။

သုတေသီတွေက ၂၀၁၈ ခုနှစ် နွေရာသီအကုန်နဲ့ ဆောင်ဦးရာသီမှာ ဝူဟန်မြို့ရှိ ဆေးရုံငါးခုရဲ့ အပြင်ဘက် ယာဥ်အသွားအလာ အခြေအနေ ဂြိုဟ်တုအချက်အလက်တွေနဲ့ ၂၀၁၉ ခုနှစ် အလားတူ အချိန်ကာလကို နှိုင်းယှဥ်ကြည့်ခဲ့ကြပါတယ်။ ထိုသို့ နှိုင်းယှဥ်ကြည့်ရာမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဝူဟန်မြို့မှာ အကြီးဆုံး ဆေးရုံတွေအနက် တစ်ခုဖြစ်တဲ့ Tianyou ဆေးရုံရဲ့ ကားပါကင်နေရာမှာ ကားအစီးရေ ၁၇၁ စီး တွေ့ခဲ့ရပါတယ်။

(Image: Harvard University)

၂၀၁၉ ခုနှစ် အလားတူ အချိန်ကာလမှာတော့ အဆိုပါ တူညီတဲ့ ကားပါကင်နေရာမှာပင် ကားအစီးရေ ၂၈၅ စီးအထိ ရပ်နားထားတာတွေ့ရပြီး ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ ဝူဟန်မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယခုနှစ် မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။ ယနေ့ (ဇွန် ၉ ရက်) ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ ၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်းကျော်နဲ့ ပြန်လည်သက်သာသူ ၃.၅ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Source: Reuters, AFP, BBC

Share

Loading Next Article...
က္က