တရုတ်နိုင်ငံမှာ ဇန်နဝါလမှစပြီး လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးမှုမရှိတဲ့ ပထမဆုံးနေ့ရက်ရှိလာကြောင်း ကျန်းမာရေးကော်မရှင်က ပြောပါတယ်။
(Photo: Reuters)
ကျန်းမာရေးကော်မရှင်က ယနေ့ (ဧပြီ ၇ ရက်) ထုတ်ပြန်တဲ့ နေ့စဥ်စာရင်းအရ တရုတ်မှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် ၃၂ ဦး စစ်ဆေးတွေ့ရှိရပြီး သေဆုံးမှုမရှိခဲ့ကြောင်း သိရပါတယ်။ ကူးစက်မှုအသစ်တွေ့ရတဲ့ အရေအတွက်ဟာလည်း ဧပြီ ၆ ရက်နေ့က ၃၉ ဦးကနေ လျော့ကျသွားခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ မတ်လမှစပြီး နေ့စဥ် ဗိုင်းရပ်စ်ကူးမှု လျော့ကျသွားခဲ့ပေမဲ့ ပြည်ပမှ ဝင်ရောက်လာသူတွေထံမှာ ဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိနေရပြီး ကူးစက်မှု ဒုတိယလှိုင်းအခြေအနေကို ရင်ဆိုင်နေရပါတယ်။ ယခုနောက်ဆုံး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးအတည်ပြုခဲ့သူ ၃၂ ဦးလုံးဟာလည်း ပြည်ပမှ ဝင်ရောက်လာသူတွေဖြစ်ပြီး လက်ရှိအချိန်အထိ ထိုသို့ ကူးစက်မှု ၉၈၃ ခုရှိခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
(Photo: Reuters)
တရုတ်နိုင်ငံမှာ ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ နောက်ထပ် ၃၀ ဦးကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အရေအတွက်ရဲ့ လေးပုံတစ်ပုံဟာ ပြည်ပမှ ဝင်ရောက်လာသူတွေဖြစ်ကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်အစိုးရက ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံရမှု အရေအတွက်ကို စတင်ထုတ်ပြန်ခဲ့ပါတယ်။
ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်သယ်ဆောင်ထားသူတွေက ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်စေနိုင်တဲ့ အလားအလာအပေါ် တရုတ်ပြည်သူများကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့ပြီးနောက် အာဏာပိုင်တွေက ရောဂါလက္ခဏာမပြတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ကိုလည်း ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ COVID-19 ရောဂါဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံမှာ ယနေ့ မွန်းလွဲပိုင်းအထိ ကူးစက်ခံရသူ ၈၁,၇၄၀ ဦးရှိပြီး ၃,၃၃၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။