ပြုံယမ်းလေဆိပ်မှာ ကင်မ်ဂျုံအန်က ကြိုဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေက ဒေသတွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုစေမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့က သဘောတူညီခဲ့ကြကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းဌာနက ယနေ့ (ဇွန် ၂၁ ရက်) ထုတ်ပြန်ပါတယ်။

(Photo: KCNA)

ရှီကျင်းပင်ဟာ ၁၄ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် တရားဝင် ခရီးစဉ်လာရောက်ခဲ့တဲ့ တရုတ်သမ္မတအဖြစ် ကြာသပတေးနေ့ (ဇွန် ၂၀ ရက်) မှာ ပြုံယမ်းကိုရောက်ရှိခဲ့ပါတယ်။ တရုတ်သမ္မတက ဇွန်လ ၂၀ ရက်မှ ၂၁ ရက်အထိ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာခရီးစဉ် လာရောက်ခဲ့တာဖြစ်ပါတယ်။ တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ်နိုင်ငံအဖြစ် ကာလရှည်ကြာ ရပ်တည်လာခဲ့ပါတယ်။



တရုတ်သမ္မတတစ်ဦးက မြောက်ကိုရီးယားကို နောက်ဆုံးအကြိမ် သွားရောက်ခဲ့မှုကတော့ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ်လက်ထက် ၂၀၀၅ ခုနှစ်အတွင်း သမ္မတဟူဂျင်တောင်ရဲ့ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ မြောက်ကိုရီးယား မီဒီယာက ထုတ်လွှင့်ခဲ့တဲ့ သတင်းဗီဒီယိုနဲ့ ဓာတ်ပုံတွေအရ ပြုံယမ်းလေဆိပ်မှာ ကင်မ်ဂျုံအန်နဲ့ ရှီကျင်းပင်တို့ကို ပြုံးရွှင်စွာဖြင့် တွေ့ခဲ့ရပါတယ်။

(Photo: KCNA)

၎င်းတို့နှစ်ဦးဟာ အမိုးဖွင့် ဇိမ်ခံကားပေါ်မှာ မတ်တပ်ရပ်လျက် ပြုံယမ်းမြို့ လမ်းမတွေတစ်လျှောက် ကြိုဆိုကြသူတွေကို လက်ပြနှုတ်ဆက်ခဲ့ကြတာကိုလည်း မြောက်ကိုရီးယားသတင်းတွေမှာ တွေ့ရပါတယ်။

ကင်မ်ဂျုံအန်နဲ့ ရှီကျင်းပင်တို့ဟာ ပြုံယမ်းမှာ ကျင်းပပြုလုပ်နေပြီး မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်အခမ်းအနားလို့ သိထားကြတဲ့ 'Mass Games' ပွဲကို တက်ရောက်ခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ရှီကျင်းပင်ဟာ ၂၀၁၂ ခုနှစ်မှာ တရုတ်သမ္မတဖြစ်လာပြီးနောက် မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကတော့ တရုတ်နိုင်ငံကို လေးကြိမ်သွားရောက်ခဲ့ဖူးပါတယ်။ တရုတ်သမ္မတရှီကျင်းပင်ရဲ့ ယခု မြောက်ကိုရီးယားခရီးစဉ်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် G-20 ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ပတ်အလိုမှာဖြစ်ပြီး ထိုအစည်းအဝေးအတွင်း တရုတ်သမ္မတရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံကြမယ်လို့လည်း မျှော်လင့်ရပါတယ်။

(Photo: KCNA)

ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထရန်နဲ့ကင်မ်ဂျုံအန်တို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးမှုဟာ အောင်မြင်မှုမရဘဲ ပြီးဆုံးခဲ့ပြီး နှစ်နိုင်ငံကြား နျူကလီးယားအရေး ဆွေးနွေးမှုတွေလည်း ရပ်တန့်နေခဲ့ပါတယ်။ ထိုအခြေအနေမှာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်မှု လုပ်ဆောင်လာနိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

တရုတ်က မြောက်ကိုရီးယားအပေါ် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုရှိတယ်လို့လည်း သုံးသပ်ထားကြပါတယ်။ တရုတ်နဲ့မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းက 'လျှာနဲ့သွားလို နီးကပ်တယ်' လို့ပင် တစ်ချိန်က သုံးနှုန်းပြောဆိုခဲဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က