သံသယရှိသူကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Ko John

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ တိုက်ခိုက်မှုဖြစ်ပွားပြီး ကျောင်းသူကျောင်းသား ကလေးငယ် ရှစ်ဦးသေဆုံးခဲ့ပါတယ်။

(Chaoyangpo ကျေးရွာ စာသင်ကျောင်း) (Photo: Weibo)

စက်တင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွင်း အခြား ကလေးငယ်နှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်းနဲ့ ကလေးတွေကို တိုက်ခိုက်ခဲ့သူအဖြစ် သံသယရှိရတဲ့ အသက် ၄၀ အရွယ် အမျိုးသားကို ဖမ်းဆီးထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၃ ရက်) ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ တရုတ်မှာ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ နောက်ဆုံးဖြစ်ရပ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

Hubei ပြည်နယ် Chaoyangpo ကျေးရွာ မူလတန်းကျောင်းမှာ ယမန်နေ့ (စက်တင်ဘာ ၂ ရက်) က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း သံသယရှိသူ အမျိုးသားကို အခင်းဖြစ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ Southern China Morning Post (SCMP) က အဆိုပါကျေးရွာတည်ရှိတဲ့ Enshi မြို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုကို ကိုးကားဖော်ပြခဲ့ပါတယ်။

(Photo: SCMP)

မူလတန်းကျောင်းရဲ့ စာသင်နှစ်သစ် ပထမဆုံး ကျောင်းတက်ရက်မှာ ကလေးငယ်များ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ တိုက်ခိုက်မှုကြုံခဲ့ရတဲ့ ကလေးငယ်တွေနဲ့ ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ်းဆွေးနွေးမှု အပါအဝင် ပုံမှန်ပြန်ဖြစ်ရေး လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ယခုဖြစ်ရပ်မှာ ကျောင်းသူကျောင်းသား ကလေးငယ်များ မည်သို့တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း အသေးစိတ်ကိုတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။ SCMP ရဲ့ ယမန်နေ့ သတင်းတစ်ရပ်မှာတော့ ကျောင်းသူကျောင်းသားတွေဟာ ဓားဖြင့်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ လတ်တလော နှစ်များအတွင်း တရုတ်နိုင်ငံရှိ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ဓားဖြင့်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ရာ အာဏာပိုင်တွေက ကျောင်းလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေခဲ့ရပါတယ်။


ယခုနှစ် ဧပြီလအတွင်းကလည်း Hunan ပြည်နယ် မူလတန်းကျောင်းတစ်ကျောင်းမှာ ဓားကိုင်အမျိုးသားတစ်ဦးက တိုက်ခိုက်ခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးပြီး အခြား လူနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ထိုဖြစ်စဉ်မှာ ဒဏ်ရာရခဲ့သူတွေဟာ ကျောင်းသူကျောင်းသားများ ဖြစ်ခဲ့ပေမဲ့ သေဆုံးခဲ့သူတွေရဲ့ အသက်အရွယ်ကို အာဏာပိုင်တွေက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း တရုတ်အနောက်တောင်ပိုင်း Sichuan ပြည်နယ်မှာ အမျိုးသမီးတစ်ဦးက ဓားဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ယမန်နှစ် ဧပြီလအတွင်း ကျောင်းမှအိမ်သို့ပြန်လာတဲ့ အလယ်တန်းအရွယ် ကျောင်းသူကျောင်းသား ကိုးဦးကို အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်ပြီး သတ်ခဲ့ကြောင်းလည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က