တရုတ်မှာ စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖြစ်ပွားမှုများလာပါတယ်။

တရုတ်အနောက်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ ဓာတုဗေဒပစ္စည်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကလေးအများစု အပါအဝင် လူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(ဓာတုတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် မူလတန်းကျောင်း) (Photo: Kaiyuan Dongcheng Kindergarten/WeChat)

အမျိုးသားတစ်ဦးက မူလတန်းကျောင်းအတွင်း ကျူးကျော်ဝင်ရောက်လာပြီးနောက် ကျောင်းအတွင်းရှိနေသူတွေကို အသားအရေ လောင်ကျွမ်းပျက်စီးနိုင်တဲ့ ဓာတုဗေဒအရည်ဖြင့် ဖျန်းခဲ့တယ်လို့ ဆိုပါတယ်။ မျိုးရိုးအမည် Kong လို့သိရတဲ့ အသက် ၂၃ နှစ်အရွယ် ထိုအမျိုးသားက နံရံတစ်ခုကိုကျော်တက်ပြီး မူလတန်းကျောင်းအတွင်း ရောက်ရှိလာခဲ့ပါတယ်။



ထို့နောက် ၎င်းက ဆိုဒီယမ်ဟိုက်ဒရောဆိုက် (sodium hyrodoxide) အရည်ဖြင့် ကလေးတွေကို ဖျန်းပက်ခဲ့ကြောင်း ယူနန်ပြည်နယ် ကိုင်ယွမ်မြို့မှ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြေပါတယ်။ တနင်္လာနေ့ (နိုဝင်ဘာ ၁၀ ရက်) က ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက Weibo မှာ ရေးသားထားပါတယ်။


(Infographic Map: AFP)

ဓာတုဗေဒပစ္စည်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၅၁ ဦးခန့်နဲ့ ကျောင်းဆရာမ သုံးဦးတို့ ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ ဒဏ်ရာရသူတွေအနက် နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။ မူလတန်းကျောင်းမှာ ကလေးတွေကို တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို တိုက်ခိုက်မှုဖြစ်ပြီး တစ်နာရီအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

"သူ့မိဘတွေက သူ ကလေးဘဝမှာ ကွာရှင်းခဲ့ကြတယ်၊ နွေးထွေးတဲ့ မိသားစုဘဝ မရှိခဲ့လို့ ဒီလူက စိတ်မမှန်တဲ့ အခြေအနေဖြစ်နေတယ်" လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ထိုအမျိုးသားရဲ့ လက်ရှိ အလုပ်အကိုင်နဲ့ ဘဝအခြေအနေကလည်း အဆင်မပြေတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ထိုအကြောင်းတွေကြောင့် အဆိုးမြင်စိတ်ရှိပြီး လူ့အဖွဲ့အစည်းကို လက်တုံ့ပြန်ရန် တွေးခဲ့မိနိုင်ကြောင်း အာဏာပိုင်တွေက သုံးသပ်ထားပါတယ်။



(Photo: Reuters)


အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Centres for Disease Control and Prevention) ရဲ့ ပြောကြားမှုအရ ကော့စတစ်ဆိုဒါ (caustic soda) လို့လည်း သိထားကြတဲ့ ဆိုဒီယမ်ဟိုက်ဒရောဆိုက်ဟာ အရေပြားလောင်ကျွမ်းပြီး မျက်လုံးများ ကျိန်းစပ်စေနိုင်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံမှာ ကလေးငယ်များ တက်ရောက်သင်ကြားနေတဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဖြစ်ပွားမှုများလာခဲ့ပြီး ဓားဖြင့်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ယမန်နှစ် ဧပြီလအတွင်း အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက အိမ်ပြန်လာကြတဲ့ အလယ်တန်းကျောင်းသူကျောင်းသား ကိုးဦးကိုသတ်ခဲ့ပြီး လတ်တလော နှစ်များအတွင်း တရုတ်မှာ လူသေဆုံးမှုအများဆုံး ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။


(၂၀၁၈ က ရှန်ဟိုင်းမှာ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည့် ကလေးနှစ်ဦးအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းနေစဥ်)


အမျိုးသားဟာ တရုတ်မြောက်ပိုင်း ရှန်ဇီပြည်နယ်မှာ ကျောင်းတက်ခဲ့စဥ်က အနိုင်ကျင့်ခံခဲ့ရမှုတွေကို မကျေနပ်ခဲ့ကြောင်း ပြောပါတယ်။ ၎င်းကို ယမန်နှစ် စက်တင်ဘာလအတွင်း ကွပ်မျက်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာလည်း စီချွမ်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ အမျိုးသမီးတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် ကလေး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကလေးတွေက မနက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်း အစီအစဥ်အပြီး စာသင်ခန်းသို့ပြန်လာနေစဥ် အသက် ၃၉ နှစ်အရွယ် အမျိုးသမီးက ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က