တရုတ်အရှေ့ပိုင်းမှာ အဝေးပြေးဇိမ်ခံဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိခဲ့ပြီးနောက် လူ ၃၆ ဦးထက်မနည်း သေဆုံးပြီ အခြား ၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ (စက်တင်ဘာ ၂၉ ရက်) ပြောပါတယ်။
(Jiangsu ပြည်နယ်မှ လမ်းတစ်လမ်းမြင်ကွင်း) (Photo: Reuters)
စနေနေ့ (စက်တင်ဘာ ၂၈ ရက်) ဒေသစံတော်ချိန် မနက် ၇ နာရီဝန်းကျင်က လူ ၆၉ ဦး တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ တရုတ်အရှေ့ပိုင်း Jiangsu ပြည်နယ် အဝေးပြေးလမ်းပေါ်မှာ ထရပ်ကားနဲ့တိုက်မိခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှုဟာ အဝေးပြေးဇိမ်ခံဘတ်စ်ကားရဲ့ ဘီးတစ်လုံးပေါက်သွားခဲ့ရာမှ ဖြစ်ပွားခဲ့ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုအရ သိရှိရတယ်လို့လည်း Xinhua ကဆိုပါတယ်။ နောက်ထပ် အသေးစိတ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။(ဘတ်စ်ကားနဲ့ထရပ်ကား တိုက်မိခဲ့အပြီး မြင်ကွင်း) (Photo: People's Daily China)
တရုတ်နိုင်ငံမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်းချက်တွေကြောင့် လမ်းမပေါ် မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိနေပါတယ်။ အာဏာပိုင်တွေရဲ့ အဆိုအရ ၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာပင် တရုတ်နိုင်ငံတစ်ဝှမ်း ယာဉ်မတော်တဆမှုတွေကြောင့် လူဦးရေ ၅၈,၀၀၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ထိုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု ၉၀ ရာခိုင်နှုန်းနီးပါးဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှုတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။