မိုးလေဝသအခြေအနေ ဆိုးရွားမှုတွေ နောက်ထပ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ Liaoning ပြည်နယ်မှာ လေဆင်နှာမောင်းနှစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့မှုအတွင်း လူခြောက်ဦး သေဆုံးပြီး ၁၉၀ ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။


(Photo: AFP)

ဇူလိုင် ၃ ရက်နေ့က ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လူဦးရေး ငါးသိန်းနီးပါးရှိတဲ့ Kaiyuan မြို့မှာ နေအိမ် ၃,၆၀၀ နီးပါး ပျက်စီးခဲ့ပြီး မြို့ခံ ၉,၉၀၀ ကျော် မုန်တိုင်းဒဏ်သက်ရောက်မှု ကြုံခဲ့ရတယ်လို့ တရုတ်အစိုးရရဲ့ China Central Television (CCTV) သတင်းက ဖော်ပြပါတယ်။



CCTV က ၎င်းရဲ့ Weibo အကောင့်မှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ Kaiyuan မြို့ စီးပွားရေးဇုန်တစ်ခုမှာ ဒါဇင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပျက်စီးနေတာ တွေ့ခဲ့ရပါတယ်။ ယခု ဒေသမှာ လေဆင်နှာမောင်း တိုက်ခတ်မှုများ ဖြစ်လေ့ဖြစ်ထ မရှိကြောင်း တရုတ်သတင်းဌာန Global Times က ပြောပါတယ်။

(Photo: Global Times News)

တရုတ်မိုးလေဝသဌာနကတော့ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသအခြေအနေ ဆိုးရွားမှုတွေ ပိုဖြစ်နိုင်ကြောင်း၊ ရေကြီးမှုများ၊ မိုးခေါင်မှုနဲ့ အပူချိန် အလွန်အမင်းမြင့်တက်မှုတွေကို နေရာဒေသအချို့မှာ ယခုနှစ်အတွင်း ကြုံရနိုင်တယ်လို့ အင်္ဂါနေ့ (ဇူလိုင် ၂ ရက်) မှာ ထုတ်ပြန်ထားပါတယ်။

ဒေသအချို့မှာ မိုးရေချိန် စံချိန်တင်ရွာသွန်းမှုတွေကို ဖြစ်ပေါ်ခဲ့ကြောင်းနဲ့ မိုးလေဝသစခန်း ၄၀ အထိက ယခုနှစ်မှာ အမြင့်ဆုံးအပူချိန်များ မှတ်တမ်းတင်ခဲ့ကြောင်း တရုတ်မိုးလေဝသဌာနက ပြောပါတယ်။ တရုတ်မြောက်ပိုင်း Hebei ပြည်နယ်မှာတော့ အပူချိန် အလွန်မြင့်တက်မှုကြောင့် အနီရောင်အဆင့် အပူဒဏ်အန္တရာယ် သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

(Photo: phys.org)

Hebei ပြည်နယ်ရဲ့ အဓိက မြို့ကြီးတွေမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ရောက်ရှိခဲ့ပြီး ပြောင်းဖူးစိုက်ခင်းများ ထိခိုက်ပျက်စီးနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဒေသဆိုင်ရာအစိုးရက ပြောခဲ့ပါတယ်။ Hebei ပြည်နယ်အစိုးရက Boading, Shijiazhuang, Hengshui, Cangzhou, Xingtai နဲ့ Handan မြို့များအားလုံးမှာ ယနေ့ (ဇူလိုင် ၄ ရက်) အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မြင့်တက်မယ်လို့ ခန့်မှန်းထားကြောင်း တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေသခံ မိုးလေဝသဌာနကလည်း Hebei ပြည်နယ်မှာ အပူချိန် အလွန်မြင့်တက်မှုနဲ့ မိုးခေါင်ခြောက်သွေ့မှုကြောင့် ပြောင်းဖူးစိုက်ခင်းတွေကို သက်ရောက်မှုရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဘေဂျင်းမြို့တော်ကို ဝန်းရံထားတဲ့ Hebei ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ပြောင်းစေ့ထွက်ရှိရာ ဒေသများအနက် ပါဝင်ပါတယ်။

(Map: Google Maps)

Hebei ပြည်နယ် မြို့ကြီးတွေမှာ အပူချိန်လျော့ကျရန် ထရပ်ကားများဖြင့် ရေဖြန်းမှုတွေ လုပ်ဆောင်နေရာ ရေအရင်းအမြစ် လျော့နည်းမှုအတွက်လည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ တရုတ်မြောက်ပိုင်းတစ်လျှောက် အပူလှိုင်းဖြတ်သန်းနေမှုဟာ ဘေဂျင်းမြို့တော် အပါအဝင် နေရာဒေသတွေမှာ လာမယ့် သီတင်းပတ်အထိ ဖြစ်ပေါ်နေနိုင်ကြောင်း ဒေသခံ မိုးလေဝသဌာနကို ကိုးကားပြီး Hebei Daily သတင်းက ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က