စီချွမ်ပြည်နယ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးပြီ ၁၃၄ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေနဲ့ အစိုးရသတင်းဌာနက ပြောပါတယ်။

(Photo: Xinhua)

ငလျင်ဟာ ယမန်နေ့ (ဇွန် ၁၇ ရက်) ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်ခန့်က မြေအောက်အနက် ၁၀ မိုင်နီးပါးမှာ ဗဟိုပြုလှုပ်ခတ်သွားကြောင်း China Earthquake Networks Centre က ပြောပါတယ်။ ငလျင် ဗဟိုပြုလှုပ်ခတ်သွားတဲ့ စီချွမ်ပြည်နယ် ယီဘင်မြို့အပြင်ဘက်နေရာကို ကယ်ဆယ်ရေးသမားများ အလျင်အမြန် သွားရောက်နေခဲ့ကြကြောင်း Xinhua သတင်းက ဖော်ပြပါတယ်။



ငလျင်ရဲ့ပြင်းအားဟာ ရစ်ချ်တာစကေး ၅.၈ အဆင့်ဖြစ်ကြောင်း US Geological Survey ဝက်ဘ်ဆိုက်က ထုတ်ပြန်ထားပါတယ်။ တရုတ်ငလျင်ဆိုင်ရာဌာနကတော့ ငလျင်ရဲ့ပြင်းအားဟာ ရစ်ချ်တာစကေး ၆.၀ ဖြစ်တယ်လို့ ပြောထားပါတယ်။ အဆိုပါ ငလျင်လှုပ်ခတ်ပြီးနောက် မိနစ် ၄၀ အတွင်း အင်အားအပြင်းထန်ဆုံးအဖြစ် ရစ်ချ်တာစကေး ၅.၁ အဆင့်ရှိ ငလျင်အပါအဝင် နောက်ဆက်တွဲငလျင် လေးခုထက်မနည်း လှုပ်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: CGTN)

စီချွမ်ပြည်နယ်အတွင်း Changning နဲ့ Gongxian ဒေသတွေမှာ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ Xinhua သတင်းက ပြောပါတယ်။ ငလျင်ဗဟိုချက်အနီးရှိ ဟိုတယ်တစ်လုံး ပြိုကျခဲ့ပေမဲ့ သေဆုံးဒဏ်ရာရသူရှိ မရှိ အတိအကျ မသိရသေးပါဘူး။ ငလျင်လှုပ်ခတ်ခဲ့ရာ ဒေသတွင်းရှိ အမြန်လမ်းများ အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ နေရာသို့ မီးသတ်သမား ၃၀၀ ကို စေလွှတ်ခဲ့ပြီး ယာယီတဲ့ ၅,၀၀၀၊ ခေါက်ကုတင် ၁၀,၀၀၀ နဲ့ အခြား အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ကယ်ဆယ်ရေးသမားတွေနဲ့အတူ ပို့ဆောင်ထားကြောင်း Xinhua က ဖော်ပြပါတယ်။

(Photo: CGTN)

စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်မှုတွေ ပုံမှန်ကြုံရလေ့ရှိပြီး ၂၀၀၈ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၉ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၈၇,၀၀၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးစာရင်းဝင်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း စီချွမ်ပြည်နယ် Rongxian ဒေသမှာ ငလျင်သုံးခု လှုပ်ခတ်ခဲ့ပြီး လူနှစ်ဦး သေဆုံးကာ အခြား ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ထိုငလျင်သုံးခု လှုပ်ခတ်မှုဟာ ဂက်စ်တူးဖော်ရေးလုပ်ငန်း လုပ်ဆောင်မှုကြောင့်ဖြစ်ကြောင်း ဒေသခံတွေက အပြစ်တင်ခဲ့ပြီး လူဦးရေ ထောင်နဲ့ချီပါဝင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဂက်စ်တူးဖော်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က