ယာဉ်မောင်း အမျိုးသားကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

တရုတ်မှာ လမ်းသွားလမ်းလာ လူအုပ်စုအတွင်း ကားဖြင့်ဝင်တိုက်ခဲ့တဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ကြောင်း အစိုးရ ရုပ်မြင့်သံကြားသတင်းက ပြောပါတယ်။

(Photo: Straits Times)

ယနေ့ (မတ်လ ၂၂ ရက်) မနက်အစောပိုင်းက Hubei ပြည်နယ် Zaoyang မြို့မှာ လူအုပ်စုကို ကားဖြင့် တမင်ရည်ရွယ် ဝင်တိုက်ခဲ့မှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ကြောင်း အဆိုပါသတင်းက ဆိုပါတယ်။ သို့သော် မည်သည့်အတွက်ကြောင့် ထိုသို့ ဝင်တိုက်ခဲ့ကြောင်း အသေးစိတ်ကိုတော့ သတင်းမှာ ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။



ယခုဖြစ်ရပ်အတွင်း လူခုနစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း တရုတ်အစိုးရသတင်းက ဖော်ပြခဲ့ပြီး အခြား အသေးစိတ်အချက်အလက်တွေကိုတော့ မပြောထားပါဘူး။

(Photo: EuroNews)

ရှန်ဟိုင်းအခြေစိုက် The Paper သတင်းဌာနက အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုအရ လမ်းဘေးမှာ စောင်ဖြင့်အုပ်ထားတဲ့ အလောင်းတစ်လောင်းနဲ့ လူအုပ်စုက တစ်စုံတစ်ဦးကို လူနာထမ်းစင်ပေါ်တင်ရန် လုပ်ဆောင်နေကြတာ တွေ့ခဲ့ရပါတယ်။ တရုတ်မှာ လတ်တလော နှစ်များအတွင်း အလားတူ ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့ဖူးကြောင်းလည်း CNA သတင်းက ဖော်ပြပါတယ်။

ယမန်နှစ် စက်တင်ဘာလအတွင်း တရုတ်တောင်ပိုင်းရှိ ရင်ပြင်တစ်ခုမှာ လူစုလူဝေးအတွင်း ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့ကာ ယာဉ်မောင်းက လူတွေကို ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်မှ ယာဉ်မောင်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းဟာ အငြိုးကြီးကာ ပြစ်မှုအကြိမ်ကြိမ်ကျူးလွန်သူလို့ ပြောခဲ့ပါတယ်။

(Map: Google Maps)

ထို့အတူ ယမန်နှစ် နိုဝင်ဘာလနှောင်းပိုင်းကလည်း တရုတ်အရှေ့မြောက်ပိုင်း Liaoning ပြည်နယ်ရှိ မူလတန်းကျောင်းရှေ့မှ လမ်းမကိုဖြတ်ကူးနေကြတဲ့ ကလေးငယ်အုပ်စုအတွင်း ကားဖြင့်ဝင်တိုက်မှုဖြစ်ခဲ့ပြီး ငါးဦးသေဆုံးကာ ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ထိုဖြစ်ရပ်မှာ ကားမောင်းသူက ကြုံရာလူကို ပစ်မှတ်ထား ဝင်တိုက်ခဲ့ခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့ပြီး အိမ်တွင်းရေး ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ဖူးကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က