လူဦးရေ ၁.၄၂ သန်း ရေကြီးမှုကြုံနေကြရပါတယ်။
Ko John

တရုတ်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် လူဦးရေထောင်နဲ့ချီ သောင်တင်နေခဲ့ပြီး လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Xinhua)

အဆိုပါ ဒေသတွေမှာ နောက်ထပ် အနည်းဆုံး လေးရက်ကြာ မိုးသည်းထန်နေနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ တရုတ်အစိုးရသတင်းဌာနက China Daily ရဲ့ အဆိုအရ တနင်္လာနေ့ (ဇွန် ၁၀ ရက်) မနက်ပိုင်းအထိ ကောက်ပဲသီးနှံ စိုက်ပျိုးမြေဧရိယာ ၂၇,၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရပြီး Jiangxi ပြည်နယ်မှာ ရေကြီးမှုကြောင့် နေအိမ်အလုံးရေ ရာနဲ့ချီ ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ (ဇွန် ၆ ရက်) မှစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေကြီးမှုတွေကြောင့် Jiangxi ပြည်နယ်မှာ လူဦးရေ ၁၃၅,၀၀၀ ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တရုတ်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုကို လူဦးရေ ၁.၄၂ သန်း တွေ့ကြုံနေကြရပြီး စီးပွားရေးအရ တိုက်ရိုက်ဆုံးရှုံးမှုတန်ဖိုး တရုတ်ယွမ်ငွေ ၂.၆၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၈၂ သန်း) ရှိခဲ့တယ်လို့ဆိုပါတယ်။

(Photo: AFP)

တရုတ်အနောက်တောင်ပိုင်း Guangxi ဒေသရှိ မြို့ ၆ မြို့မှာ ရေကြီးမှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး အိမ်ထောင်စု ၂၀,၀၀၀ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေကြရပြီး လမ်းများ၊ တံတားများနဲ့ အခြေခံ အဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း China Daily သတင်းက ဖော်ပြပါတယ်။ Guangxi ဒေသမှာ လူဦးရေ ၅၇၀,၀၀၀ ရေကြီးမှုကြုံနေရတယ်လို့ Xinhua သတင်းဌာနက ပြောပါတယ်။ Jiangxi နဲ့ Hunan ပြည်နယ် နေရာဒေသတွေမှာ ဇွန်လအတွက် မိုးရေချိန်များ စံချိန်သစ်တင်ခဲ့တယ်လို့ တရုတ်မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

(Photo: Xinhua)

လာမယ့် ကြာသပတေးနေ့ (ဇွန် ၁၃ ရက်) မှာ Guangdong, Fujian, Jiangxi, Yunnan, Sichuan နဲ့ Taiwan တို့မှာ မိုးသက်မုန်တိုင်းများ ကျရောက်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားတယ်လို့ဆိုပါတယ်။ လာမယ့် ရက်များအတွင်း ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းအန္တရာယ်နဲ့ မြစ်ငယ်များ မြစ်ရေလျှံမှုတို့ကို သတိပြုစောင့်ကြည့်ကြရန်လည်း အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က