ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
Ko John

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးကိစ္စရပ်အပေါ် တင်းမာမှုတွေ မြင့်တက်နေကြပေမဲ့ ရှန်ဟိုင်းမြို့မှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ အမေရိကန် လက်လီအရောင်းဆိုင် Costco ကိုတော့ လာရောက်ဝယ်ယူသူတွေ များပြားလွန်းတာကြောင့် ပုံမှန်အချိန်ထက်စောပြီး ဆိုင်ပိတ်လိုက်ရတယ်လို့ ဆိုပါတယ်။

(Photo: BBC)

တရုတ်မှာ ပထမဆုံး Costco အရောင်းဆိုင် စတင်ဖွင့်လှစ်တဲ့ သြဂုတ် ၂၇ ရက်နေ့က လာရောက်ဝယ်ယူသူတွေက ရှည်လျားစွာတန်းစီစောင့်ဆိုင်းခဲ့ကြပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ကာ လူစုလူဝေး အဆမတန် များပြားနေတာကြောင့် ဆိုင်ကို သတ်မှတ်ချိန်ထက် နာရီပိုင်းစောပြီး ပိတ်လိုက်ရပါတယ်။ Costco က လျှော့ဈေးဖြင့်ရောင်းချတဲ့ ကုန်ပစ္စည်းအရောင်းဆိုင်ဖြစ်ပြီး အစားအစာများမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများအထိ ပါဝင်တဲ့ကုန်ပစ္စည်းတွေကို ရောင်းချပါတယ်။

(Photo: AFP/Getty Images)

တရုတ်အစိုးရ သတင်းဌာန Xinhua က ဖော်ပြမှုအရ Costco မှာ ဝယ်ယူသူအချို့ဟာ ၎င်းတို့ရဲ့ ကျသင့်ငွေကို ပေးချေရန်အတွက် နှစ်နာရီကြာ တန်းစီစောင့်ဆိုင်းခဲ့ရပြီး အချို့ကတော့ ကားရပ်နားရန်အတွက် သုံးနာရီကြာမျှ စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဗီဒီယိုတစ်ခုမှာ လူအုပ်စုကြီးက ဆိုင်တံခါး အပြည့်မဖွင့်မီမှာပင် ဆိုင်အတွင်း အတင်းဝင်ရောက်ကာ ကုန်ပစ္စည်းတွေကို အလုအယက် ဝယ်ယူနေကြတာ တွေ့ရပါတယ်။

"လူတွေ အဆမတန် များပြားလွန်းတာကြောင့် ပိုမိုကောင်းမွန်တဲ့ ဈေးဝယ်ယူမှုဖြစ်စေရန် Costco ဆိုင်ကို သြဂုတ် ၂၇ ရက် မွန်းလွဲပိုင်းမှာ ခေတ္တပိတ်ထားမှာပါ၊ ကျေးဇူးပြုပြီး မလာကြပါနဲ့အုံး" လို့ Costco က ၎င်းရဲ့ တရားဝင် အက်ပလီကေးရှင်းမှာ ကြေညာခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

အမေရိကန်အခြေစိုက် Costco ဟာ Alibaba လုပ်ငန်းစုကြီးနဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံမှာ အွန်လိုင်း လက်လီအရောင်းဆိုင်အဖြစ် ၂၀၁၄ ခုနှစ်ကတည်းက ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ တရုတ်နိုင်ငံမှာ ၎င်းရဲ့ ပထမဆုံး ဆိုင်ခွဲအဖြစ် ရှန်ဟိုင်းမြို့မှာ လာရောက်ဖွင့်လှစ်ခဲ့ပါတယ်။

Costco က နိုင်ငံခြား လက်လီအရောင်းဆိုင်တွေ အနေနဲ့ တရုတ်ပြည်တွင်းမှ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်နိုင်ရေး ရုန်းကန်နေရစဉ် တရုတ်မှာ ပထမဆုံး ဆိုင်ခွဲဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်းမှာ Amazon က တရုတ်နိုင်ငံအတွင်း ၎င်းရဲ့လုပ်ငန်းတွေကို လျှော့ချခဲ့ပါတယ်။

(Photo: Reuters)

ပြင်သစ်နိုင်ငံမှ Carrefour ကလည်း ဆက်တိုက် အရှုံးပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံအတွင်းရှိ ၎င်းရဲ့လုပ်ငန်း ၈၀ ရာခိုင်နှုန်းကို တရုတ်ပြည်တွင်းမှ လက်လီအရောင်းဆိုင်လုပ်ငန်း Suning.com သို့ ရောင်းချရန် သဘောတူညီထားကြောင်း သိရပါတယ်။ ထို့အတူ ဗြိတိန်အခြေစိုက် Tesco လက်လီအရောင်းဆိုင်ဟာလည်း တရုတ်ဈေးကွက်မှာ ရုန်းကန်နေရပါတယ်။

ယခု Costco လက်လီအရောင်းဆိုင်ကို တရုတ်မှာဖွင့်လှစ်မှုဟာ အမေရိကန်နဲ့တရုတ် ဆက်ဆံရေးမပြေလည်ချိန်မှာ ဖြစ်နေခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကုန်သွယ်မှုစစ်ပွဲ ဆင်နွှဲနေခဲ့ကြပြီး နှစ်ဖက်စလုံးမှ သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမယ့် ခြိမ်းခြောက်မှုနဲ့အတူ တင်းမာမှုတွေ မြင့်တက်နေခဲ့ကြောင်း သိရပါတယ်။

(Photo: AFP/Getty Images)

၁၉၇၆ ခုနှစ်မှာ စတင်ခဲ့တဲ့ Costco လက်လီအရောင်းဆိုင်လုပ်ငန်းဟာ ၂၀၁၅ ခုနှစ် စာရင်းတွေအရ Walmart ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး လက်လီအရောင်းဆိုင်လုပ်ငန်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လအထိ စာရင်းအရ Costco လက်လီအရောင်းဆိုင်ပေါင်း ၇၇၀ ရှိတယ်လို့ဆိုပါတယ်။ ယခုအခါ Costco လက်လီအရောင်းဆိုင်တွေကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ သြစတြေးလျ၊ မက္ကစီကို၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ စပိန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ အိုက်စ်လန်းတို့မှာ ဖွင့်လှစ်ထားရှိကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က