အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေးတင်းမာမှု ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဖြတ်တောက်နိုင်တဲ့အထိပင် ဖြစ်နိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။

ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးပဲ၊ ကျွန်တော်တို့ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပစ်နိုင်တယ်


(Photo: AFP)

ထရန့်က အခုအချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စကားမပြောလိုကြောင်းနဲ့ ဆက်ဆံရေးပင် ဖြတ်တောက်ပစ်နိုင်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။ သမ္မတထရန့်က ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေးတင်းမာမှု ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

"ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးပဲ၊ ကျွန်တော်တို့ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပစ်နိုင်တယ်၊ တစ်ကယ်လို့ အခု အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ? ဒေါ်လာ ၅၀၀ ဘီလီလံ သက်သာသွားမယ်" လို့ မေ ၁၄ ရက်နေ့က Fox Business ရုပ်မြင်သံကြားသတင်းဌာနရဲ့ Mornings With Maria အင်တာဗျူးအစီအစဥ်မှာ ထရန့်က ပြောခဲ့ပါတယ်။

(Photo: Reuters)

ထရန့် ရည်ညွှန်းခဲ့တဲ့ ဒေါ်လာ ၅၀၀ ဘီလီယံဟာ မည်သည့်အတွက်ဖြစ်ကြောင်း အတိအကျ မသိရပေမဲ့ တရုတ်ကနေ အမေရိကန်ကို နှစ်စဥ် တင်သွင်းနေတဲ့ သွင်းကုန်တန်ဖိုးပမာဏ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Fox Buniness နဲ့ အင်တာဗျူးမှာပင် တရုတ်က ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ပျက်ကွက်ခဲ့ပြီး COVID-19 ကပ်ရောဂါဖြစ်ခဲ့ခြင်းအပေါ် အလွန်စိတ်ပျက်ကြောင်းလည်း ထရန့်က ပြောခဲ့ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားလာမှုကြောင့် အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးသဘောတူညီချက်လည်း ရှေ့မဆက်နိုင် ဖြစ်ခဲ့ပါတယ်။ ထရန့်ရဲ့ ယခုပြောဆိုမှုအပေါ် တရုတ်နိုင်ငံမှာ ဩဇာကြီးမားတဲ့ Global Times သတင်းဌာနရဲ့ အယ်ဒီတာချုပ် Hu Xijin က ဝေဖန်ခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။

ဒီသမ္မတက ဟိုတစ်ခါကလည်း COVID-19 လူနာတွေကို ပိုးမွှားသတ်ဆေးထိုးဖို့ အကြံပေးခဲ့သေးတယ်လေ၊ အခု တရုတ်နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်ပစ်နိုင်တယ်လို့ သူပြောတဲ့အပေါ် အံ့ဩစရာ မရှိပါဘူး

(Photo: Anadolu Agency)

"ဒီသမ္မတက ဟိုတစ်ခါကလည်း COVID-19 လူနာတွေကို ပိုးမွှားသတ်ဆေးထိုးဖို့ အကြံပေးခဲ့သေးတယ်လေ၊ အဲဒါကို မှတ်မိတယ် မဟုတ်လား၊ ဒါဆိုရင် အခု တရုတ်နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်ပစ်နိုင်တယ်လို့ သူပြောတဲ့အပေါ် အံ့ဩစရာ မရှိပါဘူး" လို့ Hu Xijin က Twitter မှာ ရေးသားထားခဲ့ပါတယ်။

ထရန့်နဲ့ ၎င်းရဲ့ ရီပတ်ဘလစ်ကင် ထောက်ခံသူတွေက တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပြင်းထန်မှုနဲ့ အတိုင်းအတာကို ကမ္ဘာကို သတိပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။ ထို့အတူ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့ကြောင်း အယူအဆကိုလည်း ထရန့်က ပြောဆိုထားခဲ့ပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပွားတဲ့ နိုင်ငံဖြစ်ပါတယ်

(Photo: EPA)

အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း နိုင်ငံတွေအနက် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပွားတဲ့ နိုင်ငံဖြစ်နေပါတယ်။ ယနေ့ (မေ ၁၅ ရက်) မနက်ပိုင်းအထိ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၁.၄ သန်းကျော်၊ သေဆုံးသူ ၈၅,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၃၀၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ယနေ့ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၃၀၀,၀၀၀ ကျော်လွန်လာခဲ့ကြောင်းနဲ့ ကူးစက်ခံရသူဟာလည်း နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး ၄.၄ သန်းကျော်ရှိလာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ ၁.၆ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Source: Reuters, FT

Share

Loading Next Article...
က္က