ပြည်ပမှတင်သွင်းတဲ့ ကင်းမွန် ဝယ်ယူမိခဲ့သူတွေကို ဗိုင်းရပ်စ်စစ်ဆေးကြရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်း (Jilin) ပြည်နယ်မှ အာဏာပိုင်တွေရဲ့ စစ်ဆေးမှုအရ ပြည်ပမှတင်သွင်းတဲ့ ကင်းမွန်အထုပ်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ခဲ့ရကြောင်း ဖူယူ (Fuyu) မြို့ရှိ ကျန်းမာရေးအာဏာပိုင်တွေက ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်) မှာ ပြောပါတယ်။

(Photo: Reuters)

ပြည်ပမှတင်သွင်းတဲ့ ကင်းမွန်များ ဝယ်ယူမိခဲ့သူတွေကို ဗိုင်းရပ်စ်စစ်ဆေးကြရန်လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ပြည်နယ်မြို့တော် Changchun မြို့မှတစ်ဆင့် ဖူယူမြို့သို့ ကင်းမွန်အထုပ်တစ်ထုပ် ရောက်ရှိလာခဲ့ကြောင်း ဖူယူမြို့ ကျန်းမာရေးဌာနက ၎င်းတို့ရဲ့ WeChat အကောင့်မှာ ယမန်နေ့က ပြောထားပါတယ်။



ဘရာဇီးမှတင်သွင်းလာတဲ့ ကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရကြောင်း တရုတ်ပြောကြား

ဩဂုတ် ၂၄ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ကာလအတွင်း ဒေသခံ Sanjia Deda အေးခဲပင်လယ်စာ လက်ကားဈေးဆိုင်ကနေ ပြည်ပမှတင်သွင်းထားတဲ့ ကင်းမွန် ဝယ်ယူစားသုံးခဲ့သူတွေကို နီးစပ်ရာ အာဏာပိုင်တွေထံ သတင်းပို့အကြောင်းကြားပြီး COVID-19 စစ်ဆေးမှုခံယူကြရန် ဖူယူမြို့ ကျန်းမာရေးဌာနက တိုက်တွန်းခဲ့ကြောင်း Reuters သတင်းက ဖော်ပြတယ်။

ကင်းမွန်တွေကို Hunchun မြို့အခြေစိုက် ကုမ္ပဏီတစ်ခုက ရုရှားနိုင်ငံမှ တင်သွင်းလာခဲ့ပြီး Jilin ပြည်နယ်မြို့တော် Changchun မြို့သို့ သယ်ဆောင်လာခဲ့တာဖြစ်ကြောင်း မြို့ရဲ့ COVID-19 ကာကွယ်ရေးအဖွဲ့အစည်းက ပြောပါတယ်။ ကုမ္ပဏီတွေက ပြည်ပမှတင်သွင်းလာတဲ့ အေးခဲ အစားအစာမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရပါက တင်သွင်းမှုတွေကို တစ်ပတ်ကြာ ရပ်ဆိုင်းထားမှာဖြစ်ပြီး တတိယကြိမ် သို့မဟုတ် ထိုထက်ပိုပြီး တွေ့ရပါက တင်သွင်းမှုများ တစ်လကြာ ရပ်ဆိုင်းရမယ်လို့ တရုတ်အကောက်ခွန်ဌာနက ယမန်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ COVID-19 စတင်တွေ့ခဲ့ရပေမဲ့ လတ်တလောမှာတော့ တရုတ်ပြည်မကြီးအတွင်း ကူးစက်မှုတွေ အလွန်နည်းပါးတဲ့ အရေအတွက်မျှသာ တွေ့ရှိရတော့ပြီး စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်မှုအရ ကူးစက်မှုအသစ် ၁၀ ဦးသာ တွေ့ရပါတယ်။ ထိုကူးစက်မှုအသစ်တွေဟာလည်း လတ်တလောမှာ တရုတ်ပြည်မကြီးသို့ ပြည်ပမှဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။

ဩဂုတ်လအတွင်းကလည်း ပြည်ပမှတင်သွင်းလာတဲ့ အေးခဲ အစားအစာ ထုတ်ကုန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ခဲ့ရကြောင်း တရုတ် မြို့နှစ်မြို့မှ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ COVID-19 ဟာ အစားအစာ သို့မဟုတ် ထုပ်ပိုးထားတဲ့ပစ္စည်းတွေက‌နေ ကူးစက်ပျံ့နှံ့တဲ့ အထောက်အထား မတွေ့ရှိထားဘူးလို့ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က