မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု၊ ရွှံ့နွံပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
Ko John

တရုတ်နိုင်ငံတောင်ပိုင်းမှာ ရေကြီးမှု၊ မိုးသက်မုန်တိုင်းကျမှုနဲ့ ရွှံ့နွံပြိုကျမှုတွေကြောင့် လူဦးရေ သိန်းနဲ့ချီ နေရာရွှေ့ပြောင်းခဲ့ကြရပြီး လူ ၂၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေကြောင်း အစိုးရသတင်းဌာနက ယနေ့ (ဇွန် ၁၁ ရက်) ပြောပါတယ်။

(Photo: AFP)

ရာသီဥတုဆိုးရွားမှုတွေဟာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားပေမဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် လနဲ့ချီကြာတဲ့အထိ ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ထားခဲ့တဲ့ တရုတ်တောင်ပိုင်း နေရာဒေသတွေမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုနဲ့ ရွှံ့နွံပြိုကျမှုတွေကြောင့် လူဦးရေ ၂၃၀,၀၀၀ နီးပါးကို ရွှေ့ပြောင်းနေရာချခဲ့ရပြီး နေအိမ် ၁,၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက Xinhua က အရေးပေါ်စီမံခန့်ခွဲ့မှု ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြပါတယ်။

တရုတ်တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ ရာသီဥတုဆိုးရွားမှုအတွင်း လူခြောက်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း Xinhua က ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ Yangshuo ဒေသသို့သွားရာ လမ်းမတွေ ရေလွှမ်းနေပြီး ဒေသခံတွေနဲ့ လာရောက်လည်ပတ်သူတွေကို ဝါးဖောင်များဖြင့် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

(Photo: AFP)

ဒေသဆိုင်ရာ အစိုးရက ပြောကြားမှုအရ ဟိုတယ်အလုံးရေ ၁,၀၀၀ ကျော်မှ ရေကြီးနေကြောင်းနဲ့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ကြတဲ့ နေရာ ၃၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဟိုတယ်ခန်းတွေထဲမှာ သုံးပေကျော်အထိရှိတဲ့ မိုးရေများလွှမ်းနေခဲ့တယ်လို့ ဟိုတယ်ပိုင်ရှင်တစ်ဦးက Xinhua ကို ပြောပါတယ်။ ယခု ရေကြီးမှုကြောင့် စီးပွားရေးထိခိုက်ဆုံးရှုံးမှုဟာ တရုတ်ယွမ်ငွေ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၅၀) ကျော်ရှိကြောင်း အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း Xinhua သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP)

မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတုဆိုးရွားမှုကြောင့် Hunan ပြည်နယ်မှာ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ်မှာလည်း နောက်ထပ် လူရှစ်ဦး ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်ဌာနကို ကိုကားပြီး Xinhua က ပြောထားပါတယ်။

တရုတ်တောင်ပိုင်း နေရာဒေသတွေမှာ ဇွန်လဆန်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုများ စတင်နေခဲ့ပြီး မြစ်ပေါင်း ၁၁၀ မှာ အန္တရယ်ရှိတဲ့ မြစ်ရေလျှံတက်မှုများ ဖြစ်ပေါ်နေပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်း တရုတ်တောင်ပိုင်းမှာ နောက်ထပ် မိုးသက်မုန်တိုင်းများ ကျရောက်နိုင်ကြောင်း ခန့်မှန်းထားတယ်လို့ သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


က္က