ထိုင်ဝမ်က စစ်ရေးလေ့ကျင့်မှုအစီအစဥ် ကြေညာတဲ့ရက်မှာပင် တရုတ်တိုက်လေယာဥ်တွေ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Ko John

ထိုင်ဝမ်လေပိုင်နက်အတွင်း တရုတ်တိုက်လေယာဥ်များ ခဏတာ ဝင်ရောက်လာခဲ့ရာ ထိုင်ဝမ်တိုက်လေယာဥ်တွေကို အရေးပေါ် ပျံတက်စေခဲ့ကြောင်း သိရပါတယ်။

(ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်) (Photo: AFP)

တရုတ်တိုက်လေယာဥ်များ လေပိုင်နက်အတွင်း ဝင်ရောက်လာမှုဟာ ထိုင်ဝမ်က နှစ်စဥ် ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုတွေအနက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ့် အစီအစဥ်တွေကို ကြေညာခဲ့တဲ့ ယနေ့ (ဇွန် ၉ ရက်) မှာပင် ဖြစ်ပါတယ်။ တရုတ်တိုက်လေယာဥ်တွေကို သတိပေးခဲ့ကြောင်းနဲ့ လေပိုင်နက်မှ ပြန်ထွက်ခွာစေရန် လုပ်ဆောင်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Su-30 အမျိုးအစား တရုတ်တိုက်လေယာဥ်တွေက ထိုင်ဝမ်းကျွန်း အနောက်တောင်ပိုင်း လေပိုင်နက်အတွင်း ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "Han Kuang" လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို လာမယ့် လအတွင်း ပြုလုပ်သွားမယ်လို့ ကြေညာခဲ့စဥ် တရုတ်တိုက်လေယာဥ်တွေက လေပိုင်နက် ကျူးကျော်ဝင်ရောက်မှု ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

(Su-30 တိုက်လေယာဥ်) (Photo: Taiwan News/Wikimedia)

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ computer simulations လေ့ကျင့်မှုများနဲ့ ထိုင်ဝမ်ကျွန်းပေါ်ကို တပ်ဖွဲ့ကျူးကျော်မှုကို တန်ပြန်တိုက်ခိုက်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်အနီး သို့မဟုတ် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တိုက်လေယာဥ်ပျံသန်းမှုနဲ့ စစ်ရေယာဥ်ဖြတ်သန်းမှုတို့ကို တိုးမြှင့်လုပ်ဆောင်နေခဲ့ပါတယ်။

ထိုင်ဝမ်မှာ ၂၀၁၆ ခုနှစ်က လက်ရှိသမ္မတ ဆိုင်အင်ဝမ် ပထမဆုံးအကြိမ် ရွေးကောက်ခံခဲ့ရပြီးနောက်ပိုင်း တရုတ်က ထိုသို့ လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံထားသူ မဟုတ်ပါဘူး။

(တရုတ်သမ္မတရှီကျင့်ဖျင်) (Photo: NY Times)

တရုတ်ကတော့ ထိုင်ဝမ်ဟာ ၎င်းရဲ့ ပိုင်နက်နယ်မြေ အစိတ်အပိုင်းဖြစ်ပြီး တစ်နေ့မှာ သိမ်းယူပေါင်းစည်းမှာဖြစ်ပြီး လိုအပ်ပါက အင်အားသုံးမယ်လို့ ပြောထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ကလည်း တရုတ်စစ်တပ် ဂျက်တိုက်လေယာဥ်တစ်စီးက တရုတ်နဲ့ထိုင်ဝမ်ကြား ပိုင်းခြားထားတဲ့ ထိုင်ဝမ်ရေလက်ကြားရဲ့ အလယ်ဗဟိုမျဥ်းကို ဖြတ်ကျော်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ ထိုင်ဝမ်ရွေးကောက်ပွဲမှာ သမ္မတဆိုင်အင်ဝမ်က ဒုတိယသက်တမ်းအတွက် အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် တရုတ်တိုက်လေယာဥ်က ကျူးကျော်ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆိုင်အင်ဝမ်ကတော့ ။ အဓိပ္ပါယ်မရှိဘဲ မလိုအပ်တဲ့ လုပ်ဆောင်မှုတွေအတွက် တရုတ်ကို ပြင်းထန်စွာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ယမန်နှစ် မတ်လအတွင်းမှာတော့ J-11 တရုတ်တိုက်လေယာဥ်နှစ်စီးက နှစ်များအတွင်း နယ်စပ်မျဥ်းကို ပထမဆုံးအကြိမ် ဖြတ်ကျော်ပြီး ထိုင်ဝမ်ပိုင်နက်အတွင်း ဝင်ရောက်ခဲ့ပါတယ်။ တရုတ်ရဲ့ ထိုလုပ်ရပ်ဟာ ကာလရှည်ကြာ အပြန်အလှန် နားလည်သဘောတူညီမှုကို ချိုးဖောက်ပြီး အဆင်အခြင်မဲ့ တမင်ရန်စတဲ့ လုပ်ရပ်အဖြစ် ထိုင်ဝမ်က ပြောဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က