လေအေးပေးစက်က ဘတ်စ်ကားအတွင်းရှိလေကို လည်ပတ်နေစေခဲ့ပြီး ကူးစက်မှုကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

လေဝင်လေထွက်မကောင်းတဲ့ တရုတ်ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူ အများအပြားဟာ နီးကပ်စွာ ထိုင်နေခဲ့ကြခြင်း မရှိပေမဲ့ ထိုဘတ်စ်ကားပေါ်ရှိ COVID-19 ရှိနေသူတစ်ဦးကနေ အခြားခရီးသည် နှစ်ဒါဇင်နီးပါးထံကို ရောဂါကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သုတေသနတစ်ရပ်က ပြောထားပါတယ်။

(Photo: Reuters)

ထိုသုတေသနအရ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ လေထဲကနေလည်း ကူးစက်ပျံ့နှံ့နိုင်ကြောင်း အထောက်အထားသစ် တွေ့ရှိလာရတာလည်း ဖြစ်ပါတယ်။ ကနဦးမှာ COVID-19 ဟာ အသက်ရှူစဥ် အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးများမှတစ်ဆင့် ကူးစက်နိုင်ခြေကို ထည့်မတွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ထိုသို့ ကူးစက်နိုင်မှုကိုလည်း ထည့်သွင်းစဥ်းစားလာခဲ့ကြပါတယ်။ 



JAMA Internal Medicine ဂျာနယ်မှာ အင်္ဂါနေ့ (စက်တင်ဘာ ၁ ရက်) က ဖော်ပြထားတဲ့ သုတေသနတွေ့ရှိချက်အရ လေထဲမှတစ်ဆင့် COVID-19 ကူးစက်နိုင်မှုကို လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုသုတေသနက ဇန်နဝါရီလအတွင်း တရုတ်အရှေ့ပိုင်း Ningbo မြို့မှ ဗုဒ္ဓဘာသာအခမ်းအနားတစ်ခုသို့ ဘတ်စ်ကားနှစ်စီးဖြင့် မိနစ် ၅၀ ကြာ ခရီးစဥ်သွားရောက်ခဲ့ကြတဲ့ ခရီးသည်တွေကို လေ့လာခဲ့ပါတယ်။

(Photo: Reuters)

ထိုစဥ်က COVID-19 ကာကွယ်ရေးအတွက် mask တပ်ခြင်း ပုံမှန်လုပ်ဆောင်ကြခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဝူဟန်မြို့မှ လူတွေနဲ့ ထိတွေ့ခဲ့ဖူးတဲ့ ခရီးသည်တစ်ဦးဟာ ဘတ်စ်ကားပေါ်မှာ ပထမဆုံးလူနာ (patient zero) ဖြစ်ခဲ့ဖွယ်ရှိတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

ဘတ်စ်ကားပေါ်မှာ အခြား ခရီးသည်တွေ မည်သည့်ထိုင်ခုံတွေမှာ ထိုင်ခဲ့ကြကြောင်းကို သုတေသီတွေက ပုံစံထုတ်ခဲ့ကြပြီး ၎င်းတို့ကို COVID-19 ရှိ မရှိ စစ်ဆေးခဲ့ကြပါတယ်။ စစ်ဆေးမှုအရ ဘတ်စ်ကားတစ်စီးပေါ်မှ ခရီးသည် ၆၈ ဦးအနက် ၂၃ ဦးထံမှာ COVID-19 တွေ့ရှိခဲ့ရပါတယ်။

ထို့နောက် လေ့လာဆန်းစစ်ခဲ့ရာမှာ ကူးစက်ခံရသူတွေဟာ ဘတ်စ်ကားရဲ့ ရှေ့ပိုင်းနဲ့ နောက်ပိုင်း ထိုင်ခုံတွေမှာ ထိုင်ခဲ့ကြသူတွေဖြစ်ပြီး ဗိုင်းရပ်စ်ကပ်ငြိနေနိုင်တဲ့ အမှုန်အမွှားလေးများ ပျံ့နှံ့ရောက်ရှိနိုင်တဲ့ ၃ ပေမှ ၆ ပေ အကွာအဝေးထက် ပိုမိုကွာဝေးတယ်လို့ ဆိုပါတယ်။ ထိုစဥ်က ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ နေမကောင်းဖြစ်နေသူ ခရီးသည်ဟာ ချောင်းဆိုးခြင်းကဲ့သို့ ရောဂါလက္ခဏာ မပြဘူးလို့လည်း သိရပါတယ်။

လေအေးပေးစက်ဖွင့်ထားမှုက ဘတ်စ်ကားအတွင်းရှိလေကို လည်ပတ်နေစေခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ဖြစ်စေနိုင်ကြောင်းလည်း သုတေသီတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ "လေ့လာဆန်းစစ်မှုအရ လေကို လည်ပတ်နေစေတဲ့ အလုံပိတ် နေရာတွေမှာ SARS-CoV-2 ဗိုင်းရပ်စ်က ပိုမိုကူးစက်ပျံ့နှံ့နိုင်ပါတယ်" လို့ သုတေသနတွေ့ရှိချက် ဆောင်းပါးမှာ ရေးသားထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က