ဘေဂျင်ဒါဇင်းလေဆိပ် တည်ဆောက်မှု အပြီးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီ အာဏာရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်မှု နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်နဲ့ နိုင်ငံအတွင်း လေကြောင်းခရီးသွားလာသူ တိုးမြင့်လာမှု အဆင်ပြေစေရန်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ အကုန်အကျခံ တည်ဆောက်ခဲ့ပြီး မြင်သူနှစ်သက်စရာ ကြီးမားထင်ရှားတဲ့ ကြယ်ငါးပုံသဏ္ဍန် လေဆိပ်သစ်ကြီးကို တရုတ်အစိုးရက ဖွင့်လှစ်သွားတော့မှာပါ။

(Photo: Xinhua/NEWS.CN)

ဘေဂျင်ဒါဇင်း အပြည်ပြည်ဆိုင်ရာလေဆိပ် (Beijing Daxing International Airport) တည်ဆောက်မှုလုပ်ငန်းဟာ တနင်္ဂနွေ့နေ့ (ဇွန် ၃၀ ရက်) မှာ တရားဝင် အပြီးသတ်ခဲ့ပြီဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်မှု နှစ်ပတ်လည်နေ့အကြို စက်တင်ဘာ ၃၀ ရက်မှာ အခမ်းအနားဖြင့် ဖွင့်လှစ်သွားရန် အဆင့်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။



တရုတ်ကွန်မြူနစ်ပါတီ အာဏာရခဲ့ပြီးနောက် ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ပြီး ယခုနှစ်မှာ နိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့်မြောက်မှာဖြစ်ပါတယ်။ နိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအဖြစ် ဘေဂျင်းမြို့လယ်တစ်လျှောက် ကြီးမားတဲ့ စစ်ရေးပြချီတက်ပွဲ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

(Photo: Simon Song)

ဒါ့အပြင် ဘေဂျင်းဒါဇင်း လေဆိပ်သစ်ကြီးကိုလည်း နိုင်ငံတည်ထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သွားရန် စီစဉ်ထားတာဖြစ်ပါတယ်။ တိန်အန်မင်ရင်ပြင်ရဲ့ တောင်ဘက် ၂၈.၅ မိုင်အကွာရှိ ယခု လေဆိပ်သစ်ကြီးမှာ ၂၀၂၅ ခုနှစ်အတွင်း ခရီးသည်ဝန်ဆောင်မှု အပြည့်အဝ ပေးသွားနိုင်မယ်လို့ဆိုပါတယ်။

လေယာဉ်ပြေးလမ်း လေးခုပါရှိပြီး တစ်နှစ်လျှင် ခရီးသည် ၇၂ သန်းကို ဝန်ဆောင်မှုပေးနိုင်မယ်လို့ သိရပါတယ်။ ၂၀၄၀ ပြည့်နှစ်အရောက်မှာတော့ ဘေဂျင်းဒါဇင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စစ်ဘက်သုံး လေယာဉ်ပြေးလမ်းတစ်ခု အပါအဝင် စုစုပေါင်း လေယာဉ်ပြေးလမ်း ၈ ခုအထိ တိုးချဲ့သွားရန်လည်း စီစဉ်ထားပါတယ်။

(Photo: Xinhua/NEWS.CN)

ထိုသို့ လေယာဉ်ပြေးလမ်း တိုးချဲ့ပြီးပါက တစ်နှစ်လျှင် ခရီးသည် သန်း ၁၀၀ အထိ လက်ခံဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုအချိန်အရောက်မှာ ဘေးဂျင်းဒါဇင်းလေဆိပ်ကြီးဟာ ခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင် တစ်ခုတည်းဖြင့် ခရီးသည် ဝန်ဆောင်မှုပေးနိုင်မှုအရ ကမ္ဘာ့အကြီးဆုံး လေဆိပ်ဖြစ်လာမယ်လို့ လေဆိပ်ဒီဇိုင်း ရေးဆွဲခဲ့သူတွေက ပြောထားပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံရှိ အတ္တလန်တာလေဆိပ် (Atlana Airport) က တစ်နှစ်လျှင် ခရီးသည် သန်း ၁၀၀ ကို ဝန်ဆောင်မှုပေးနိုင်တဲ့ လေဆိပ်ဖြစ်ပါတယ်။ သို့သော် အတ္တလန်တာလေဆိပ်က ခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင် နှစ်ခုဖြင့် ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ တရုတ်မှာ လူနေမှုအဆင့်အတန်းမြင့်လာမှုနဲ့အတူ လူအများအပြားကလည်း ခရီးသွားလိုလာကြပြီး လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း တွင်ကျယ်လာခဲ့ပါတယ်။

(Photo: China Daily)

၂၀၂၀ ပြည့်လွန် ကာလများအရောက်မှာ တရုတ်နိုင်ငံက အမေရိကန်ကိုဖြတ်ကျော်ပြီး ကမ္ဘာ့အကြီးဆုံး လေကြောင်းပျံသန်းမှုဈေးကွက် ဖြစ်လာမယ်လို့ International Air Transport Association က သုံးသပ်ထားပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၃၇ ခုနှစ်မှစပြီး တစ်နှစ်လျှင် လေယာဉ်စီး ခရီးသွားသူ ၁.၆ ဘီလီယံ ရှိလာမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကထက် တစ်ဘီလီယံ ပိုများလာမယ်လို့လည်း International Air Transport Association က ခန့်မှန်းထားပါတယ်။ လူဦးရေ ၂၁ သန်းရှိတဲ့ ဘေဂျင်းမြို့တော်ကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ခရီးသည် သန်း ၁၇၀ လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။

တရုတ်မှာ အသစ်ဖွင့်လှစ်သွားမယ့် ဘေဂျင်းဒါဇင်း လေဆိပ်သစ်ကြီးဟာ ၁၇၃ ဧကနီးပါး ကျယ်ဝန်းပြီး ဘောလုံးကွင်း ၁၀၀ စာ အကျယ်အဝန်းခန့်ရှိပါတယ်။ ယခု လေဆိပ်သစ်ကြီးကို Anglo-Iraqi ဗိသုကာပညာရှင် ဇာဟာဟဒစ် (Zaha Hadia) က Aeroports de Paris ကုမ္ပဏီရဲ့ လက်အောက်ခံ အင်ဂျင်နီယာလုပ်ငန်းခွဲနဲ့ ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဗိသုကာပညာရှင် ဇာဟာဟဒစ်ကတော့ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

(Photo: China Daily)

လေဆိပ်သစ်ကြီးရဲ့ ခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင် အောက်ဘက်မှာတော့ မြေအောက်ရထားလမ်းစနစ်ပါရှိပြီး လေဆိပ်ကနေ ဘေဂျင်းမြို့လယ်ကို မိနစ် ၂၀ အတွင်း ရောက်ရှိနိုင်ပါတယ်။ ဘေဂျင်းဒါဇင်း လေဆိပ်သစ်စီမံကိန်းဟာ ယွမ်ငွေ ၁၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလီယံ) ကုန်ကျခဲ့ပြီး ရထားလမ်းနဲ့ လမ်မးများ တည်ဆောက်မှုကိုပါ ထည့်သွင်းတွက်ချက်ပါက ကုန်ကျစရိတ်မှာ ယွမ်ငွေ ၄၀၀ ဘီလီယံ ဖြစ်ပါတယ်။

Source: China Daily, Xinhua, AFP, SCMP

Share

Loading Next Article...
က္က