တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်မှု နှစ် ၇၀ ပြည့်အကြို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြယ်ငါးပုံသဏ္ဍန် ကြီးမားလှတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးကို သမ္မတရှီကျင်းပင်က ယနေ့ (စက်တင်ဘာ ၂၅ ရက်) တရားဝင် စတင်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

(Photo: Xinhua)

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တောင်ဘက်ရှိ ဘေဂျင်ဒါဇင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး (Beijing Daxing International Airport) ကို လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်မယ့် ကွန်မြူနစ်ပါတီ အာဏာရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်မှု နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့အကြို ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။



အစောပိုင်းက လေဆိပ်သစ်ကြီးကို စက်တင်ဘာ ၃၀ ရက်နေ့မှာ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း ဇွန်လအတွင်း တရုတ်သတင်းတွေက ဖော်ပြထားခဲ့ကြပါတယ်။ ယနေ့မှာတော့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကုန်ကျခဲ့တဲ့ မြင်သူနှစ်သက်စရာ ကြီးမားထင်ရှားတဲ့ ကြယ်ငါးပုံသဏ္ဍန် ဘေဂျင်ဒါဇင်းလေဆိပ်သစ်ကြီးကို မူလသတ်မှတ်ရက်ထက် အနည်းငယ်စောပြီး သမ္မတရှီကျင်းပင်က တရားဝင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

(Photo: Xinhua)

လေကြောင်းခရီးသွားသူ မြင့်တက်လာမှုကြောင့် ဘေဂျင်းမြို့တော် အရှေ့မြောက်ဘက်ရှိ လက်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဝန်ဆောင်မှုမနိုင်မနင်း ဖြစ်လာခဲ့ပြီး မကြာခဏ လေယာဉ်ခရီးစဉ် နှောင့်နှေးမှုတွေရှိနေခဲ့ရာ ယခု ဖွင့်လှစ်လိုက်တဲ့ ဘေဂျင်းဒါဇင်းလေဆိပ်သစ်ကြီးက ထိုပြဿနာကို ဖြေရှင်းနိုင်မယ်လို့ဆိုပါတယ်။

အသစ်ဖွင့်လှစ်လိုက်တဲ့ ဘေဂျင်းဒါဇင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးမှ ပထမဆုံး လေယာဉ်ခရီးစဉ်ကို ယနေ့ ဘေဂျင်းဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှာ ထွက်ခွာရန်စီစဉ်ထားကြောင်း တရုတ်လေကြောင်းပျံသန်းမှု စောင့်ကြည့်အက်ပလီကေးရှင်း Umetrip က ဖော်ပြထားပါတယ်။

(Photo: Xinhua)

ဘေဂျင်ဒါဇင်းလေဆိပ်သစ် တည်ဆောက်မှုလုပ်ငန်းကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ အပြီးသတ်ခဲ့ပြီးနောက် တရားဝင် ဖွင့်လှစ်သွားနိုင်ရန် ပြင်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလေဆိပ်သစ်ကြီးဟာ ၁၇၃ ဧကနီးပါး ကျယ်ဝန်းပြီး ဘောလုံးကွင်း ၁၀၀ စာနီးပါးပမာဏနဲ့ညီမျှပါတယ်။

ဘေဂျင်ဒါဇင်းလေဆိပ်သစ်ကြီးက ၂၀၂၅ ခုနှစ်မှစပြီး တစ်နှစ်လျှင် ခရီးသည် ၇၂ သန်းကို ဝန်ဆောင်မှုပေးနိုင်မယ်လို့ သိရပါတယ်။ လက်ရှိမှာ လေယာဉ်ပြေးလမ်း လေးခုပါရှိပြီး ၂၀၄၀ ပြည့်နှစ်အရောက်မှာတော့ ဘေဂျင်းဒါဇင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စစ်ဘက်သုံး လေယာဉ်ပြေးလမ်းတစ်ခု အပါအဝင် စုစုပေါင်း လေယာဉ်ပြေးလမ်း ၈ ခုအထိ တိုးချဲ့သွားရန်လည်း စီစဉ်ထားပါတယ်။

(Photo: Xinhua)

ထိုသို့ လေယာဉ်ပြေးလမ်း တိုးချဲ့ပြီးပါက တစ်နှစ်လျှင် ခရီးသည် သန်း ၁၀၀ အထိ လက်ခံဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုအချိန်အရောက်မှာ ဘေးဂျင်းဒါဇင်းလေဆိပ်ကြီးဟာ ခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင် တစ်ခုတည်းဖြင့် ခရီးသည် ဝန်ဆောင်မှုပေးနိုင်မှုအရ ကမ္ဘာ့အကြီးဆုံး လေဆိပ်ဖြစ်လာမယ်လို့ လေဆိပ်ဒီဇိုင်း ရေးဆွဲခဲ့သူတွေက ပြောထားပါတယ်။

ဘေဂျင်ဒါဇင်း လေဆိပ်သစ်ကြီးကို Anglo-Iraqi ဗိသုကာပညာရှင် ဇာဟာဟဒစ် (Zaha Hadia) က Aeroports de Paris ကုမ္ပဏီရဲ့ လက်အောက်ခံ အင်ဂျင်နီယာလုပ်ငန်းခွဲနဲ့ ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဗိသုကာပညာရှင် ဇာဟာဟဒစ်ကတော့ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။



Share

Loading Next Article...
က္က