ဆူဒန်မှာ အရေးပေါ် အခြေအနေကို သုံးလကြာ ထုတ်ပြန်ထားမှာဖြစ်ပါတယ်။

ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ သိရပါတယ်။ နှစ်ပေါင်း ၃၀ နီးပါးကြာ အာဏာရရှိထားခဲ့တဲ့ သမ္မတ အိုမာ အယ်လ်ဘရှားကို ရာထူးမှဖယ်ရှားပြီး ဖမ်းဆီးလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးက ယနေ့ (ဧပြီ ၁၁ ရက်) ကြေညာပါတယ်။

(စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ဆူဒန်ကာကွယရေးဝန်ကြီးက ကြေညာစဉ်) (Photo: BBC)

ကာကွယ်ရေးဝန်ကြီး Awad Ibn Ouf က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ စစ်တပ်က အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ ၂ နှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပြီး အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် လုပ်ဆောင်သွားရန် စစ်တပ်က ဆုံးဖြတ်ထားကြောင်း ပြောခဲ့ပါတယ်။

ဆူဒန်နိုင်ငံမှာ အရေးပေါ် အခြေအနေကို သုံးလကြာ ထုတ်ပြန်ထားမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောကြားသွားပါတယ်။ ၁၉၈၉ ခုနှစ်မှစပြီး အာဏာရရှိလာခဲ့တဲ့ သမ္မတဘရှားကို ဆန္ဒပြမှုတွေ လအတန်ကြာ ပေါ်ပေါက်နေခဲ့ပြီးနောက် ဆူဒန်စစ်တပ်က အာဏာသိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

(ရာထူးမှဖယ်ရှားခံရပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆူဒန်သမ္မတ ဘရှား) (Photo: Reuters)

ဆူဒန်အစိုးရကို ဖြုတ်ချလိုက်ပြီး မစ္စတာဘရှားကို လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး Awad Ibn Ouf က ဆိုပါတယ်။ ဘရှားအစိုးရလက်အောက်မှာ ဆူဒန်နိုင်ငံဟာ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ အဂတိလိုက်စားခြင်းနဲ့ တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့ တွေ့ကြုံခဲ့ရကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆူဒန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားမှာဖြစ်ပြီး နယ်စပ်တွေကို နောက်ထပ် အသိပေးမှုတစ်စုံတရာ မထုတ်ပြန်မီအထိ ပိတ်ပင်ထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆူဒန်လေပိုင်နက်ကိုလည်း ၂၄ နာရီကြာ ပိတ်ပင်ထားမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။

(စစ်တပ် အာဏာသိမ်းပြီးနောက် အောင်ပွဲခံကြစဉ်) (Photo: Reuters)

ယနေ့ ဒေသစံတော်ချိန် မနက်အစောပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ်ဌာနချုပ်နဲ့ ဘရှားရဲ့နေအိမ်တည်ရှိရာ ဆူဒန်နိုင်ငံ Khartoum မြို့ရှိ ကြီးမားတဲ့နေရာအတွင်း စစ်တပ်ကားများ ဝင်ရောက်သွားမှုကို တွေ့ခဲ့ရတယ်လို့ AFP သတင်းက ဖော်ပြခဲ့ပါတယ်။

ထို့နောက် နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုသတင်းဌာနတို့က ပုံမှန်အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီး စစ်တပ်က အာဏာသိမ်းကြောင်း ကာကွယ်ရေးဝန်ကြီးရဲ့ ကြေညာပြောကြားမှုကို ထုတ်လွှင့်ခဲ့ကြပါတယ်။ ထိုအတောအတွင်း ဆန္ဒပြသူတွေက Khartoum မြို့လယ်ကို စုရုံးချီတက်ကြကာ 'အစိုးရပြုတ်ကျသွားပြီ၊ အောင်ပြီ' လို့ အော်ဟစ်ကြွေးကြော်ခဲ့ကြကြောင်း Reuters သတင်းက ပြောပါတယ်။

(ဆူဒန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတစ်ခု) (Photo: AFP)

စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖယ်ရှားပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဘရှားကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး International Criminal Court (ICC) ကလည်း ဆူဒန်အနောက်ပိုင်း ဒါဖာဒေသမှာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။ စစ်ဘက်အရာရှိဟောင်းဖြစ်သူ ဘရှားဟာ ၁၉၈၉ ခုနှစ်မှ စစ်တပ်အာဏာသိမ်းမှုဖြင့် ဆူဒန်သမ္မတ ဖြစ်လာခဲ့ပါတယ်။

(စစ်တပ်အာဏာသိမ်းပြီးနောက် အောင်ပွဲခံနေကြသည့် ဆူဒန်ပြည်သူများ) (Photo: OneTribeMag)

ဘရှားလက်ထက်မှာ ဆူဒန်နိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ပွားမှုတွေ ကြုံခဲ့ရပါတယ်။ နိုင်ငံတောင်ပိုင်းနဲ့ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ဟာ ၂၀၀၅ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီးနောက် တောင်ဆူဒန်က ၂၀၁၁ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံအဖြစ် သီးခြားခွဲထွက်သွားခဲ့ပါတယ်။ နိုင်ငံအနောက်ပိုင်း ဒါဖာဒေသမှာည်း နောက်ထပ် ပြည်တွင်းပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပဋိပက္ခအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုဖြင့် ဘရှားကို ICC က အလိုရှိနေခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က