ပန်းကန်ပြားပျံကဲ့သို့ အမျိုးအမည်မသိတဲ့ ယာဥ်ပျံတွေ မြင်တွေ့ရမှုများအပေါ် စုံစမ်းစစ်ဆေးရန် ဖြစ်ပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပန်းကန်ပြားပျံကဲ့သို့ အမျိုးအမည်မသိတဲ့ ယာဥ်ပျံတွေ (UFO - Unidentified Flying Object) မြင်တွေ့ရမှုများအပေါ် စုံစမ်းစစ်ဆေးရန် တပ်ဖွဲ့သစ်တစ်ခုကို အမေရိကန်ရေတပ်အောက်မှာ ဖွဲ့စည်းနေကြောင်း ဩဂုတ် ၁၄ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: AFP)

Unidentified Aerial Phenomena Task Force (UAPTF) ကို ဖွဲ့စည်းခြင်းဖြင့် အမျိုးအမည်မသိ ယာဥ်ပျံတွေ မြင်တွေ့ရမှု ဖြစ်ရပ်များအပေါ် ပိုမိုနားလည်သိရှိလာမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မျှော်လင့်ကြောင်း ပြောခွင့်ရအမျိုးသမီး Susan Gough က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



အမေရိကန်စစ်တပ်က ဂြိုဟ်သားတွေ ချင်းနင်းဝင်ရောက်မှုထက် ကောင်းကင်ယံမှ အမျိုးအမည်မသိ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှန်တစ်ကယ် စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံက ဒရုန်းများ သို့မဟုတ် အခြား လေကြောင်းပျံသန်းမှုများဖြင့် စောင့်ကြည်ထောက်လှမ်းနိုင်စွမ်းကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

(Photo: AFP)

"ဒီတပ်ဖွဲ့ရဲ့ မစ်ရှင်က အမျိုးအမည်မသိ ကောင်းကင်ယံမှ ဖြစ်စဥ်တွေကို ထောက်လှမ်းရန်၊ လေ့လာစိစစ်ပြီး အမေရိကန်နိုင်ငံ လုံခြုံးရေးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်တဲ့ ဒီဖြစ်စဥ်တွေကို စာရင်းပြုစုရန် ဖြစ်ပါတယ်" လို့ Susan Gough က ပြောပါတယ်။ ပင်တဂွန်စစ်ဌာနချုပ် အနေနဲ့ လေ့ကျင့်ရေးနေရာများ သို့မဟုတ် သတ်မှတ်လေကြောင်းပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာတဲ့ ယာဥ်တွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်ခုချင်းစီကို အ‌လေးအနက်ထားပြီး စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။

ပန်းကန်ပြားပျံကဲ့သို့ အမျိုးအမည်မသိတဲ့ ယာဥ်ပျံတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် တပ်ဖွဲ့သစ်တစ်ခုဖွဲ့စည်းရန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး David Norquist က ဩဂုတ် ၄ ရက်နေ့မှာ ခွင့်ပြုချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဧပြီလအတွင်း ပင်တဂွန်စစ်ဌာနချုပ်က တရားဝင် ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုသုံးခုအရ အမေရိကန်ရေတပ်မှ လေယာဥ်မှူးတွေဟာ UFO ဖြစ်ပုံရတဲ့ ယာဥ်ပျံနဲ့ လေထဲမှာ တွေ့ဆုံခဲ့ရတဲ့မှတ်တမ်းကို မြင်ခဲ့ကြရပါတယ်။

ထိုဗီဒီယိုတွေကို အမေရိကန်ရေတပ်မှ လေယာဥ်မှူးတွေက ရိုက်ကူးမှတ်တမ်းတင်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဖြူအမည်း မှတ်တမ်းဗီဒီယိုဟာ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီးနောက် အမေရိကန်ရေတပ်က ရေတပ်ဗီဒီယိုဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဗီဒီယိုတွေအနက် တစ်ခုကို ၂၀၀၄ ခုနှစ် နိုဝင်ဘာလအတွင်း ရိုက်ကူးခဲ့ကြောင်းနဲ့ အခြား နှစ်ခုကိုတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ရိုက်ကူးထားခဲ့တာဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က