အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပြီး ဆရာဝန်တွေက ၎င်းရဲ့အသက်ကိုကယ်ရန် ကြိုးပမ်းနေပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင်အဖြစ် ထင်ရှားသူ Alexei Navalny ဟာ အဆိပ်ခတ်ခံရကြောင်း သံသယဖြစ်ဖွယ် အခြေအနေဖြင့် လက်ရှိမှာ သတိမေ့မြောနေကြောင်း ၎င်းရဲ့ပြောခွင့်ရ အမျိုးသမီးက ပြောခဲ့ပါတယ်။

(Photo: EPA)

အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး စည်းရုံးလှုံ့ဆော်သူလည်းဖြစ်တဲ့ Navalny ဟာ Tomsk မြို့မှ မော်စကိုမြို့သို့ လေယာဥ်စီးလာစဥ်အတွင်း နေမကောင်းဖြစ်လာခဲ့ရာ လေယာဥ်ကို Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ Navalny ကို ထိုမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းဟာ ကိုမာဝင် (သတိမေ့မြော) သွားကြောင်း ဆရာဝန်တွေက ပြောပါတယ်။



လက်ရှိ အထူးကြပ်မတ်ကုသဆောင်မှာ အသက်ရှူစက်တပ်ထားရတဲ့ Navalny ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပြီး ဆရာဝန်တွေက ၎င်းရဲ့အသက်ကိုကယ်ရန် ကြိုးပမ်းနေကြကြောင်း သိရပါတယ်။ Navalny ဟာ အခြေအနေ တည်ငြိမ်နေပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သို့သော် ၎င်းဟာ မည်သည့် ကျန်းမာရေးပြဿနာဖြစ်ခဲ့ကြောင်း အတိအကျ မသိရသေးဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

(Photo: Valery Melnikov/Sputnik)

Omsk မြို့ အရေးပေါ်ဆေးရုံမှ ဒေါက်တာ Anatoly Kalinichenko က အစောပိုင်းမှာ ပြောကြားမှုအရ အတိုက်အခံခေါင်းဆောင် Navalny ရဲ့ အခြေအနေဟာ အဆိပ်ခတ်ခံရခြင်းဖြစ်ကြောင်း သေချာပေါက် မပြောနိုင်ဘူးလို့ ဆိုပါတယ်။ Navalny ရဲ့ အဖွဲ့ကတော့ လေဆိပ်ကော်ဖီဆိုင်တစ်ဆိုင်မှာ ၎င်းရဲ့ လက်ဖက်ရည်ထဲသို့ တစ်စုံတစ်ခုထည့်လိုက်တယ်လို့ သံသယရှိထားကြပါတယ်။

ထိုအတောအတွင်း ရုရှားအစိုးရက Navalny အမြန်ပြန်လည်သက်သာစေရန် ဆုတောင်းပါကြောင်း ပြောကြားခဲ့ပြီး အဆိပ်ခတ်ခံရတဲ့ လက္ခဏာများတွေ့ရပါက စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် Navalny ဟာ ရုရှားသမ္မတပူတင်ကို အပြင်းထန်ဆုံး ဝေဖန်သူတွေထဲမှာ ပါဝင်ပါတယ်။ ဇွန်လအတွင်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒမဲပေးပွဲ ကျင်းပပြုလုပ်မှုကို အာဏာသိမ်းမှုနဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုအဖြစ် Navalny က ပြောဆိုခဲ့ပါတယ်။

ဆန္ဒမဲပေးပွဲဖြင့် အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအရ သမ္မတပူတင်ကို နောက်ထပ် သမ္မတသက်တမ်းနှစ်ကြိမ် ဆက်လက် ဆောင်ရွက်ခွင့်ရစေမှာ ဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ပူတင်ဟာ ရုရှားသမ္မတအဖြစ် သက်တမ်းလေးကြိမ် ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းအရ ရုရှားဆရာဝန်တွေက Navalny ကို ဂျာမနီနိုင်ငံသို့ ရွှေ့ပြောင်းခေါ်ဆောင်ကုသရန် ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က