စိန့်ပီတာစဘတ်မြို့ရှိ Saint George ဆေးရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံမှာ ဆေးရုံမီးလောင်မှုအတွင်း အထူးကြပ်မတ်ကုသဆောင်ထဲမှ COVID-19 လူနာ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Russian Emergency Ministry)

ယနေ့ (မေ ၁၂ ရက်) မနက် ဒေသစံတော်ချိန် ၆ နာရီခွဲဝန်းကျင်က စိန့်ပီတာစဘတ်မြို့ရှိ Saint George ဆေးရုံမှာ အသက်ရှူစက်တစ်ခု ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ရုရှားသတင်းဌာနက RT က ဖော်ပြထားပါတယ်။ ထိုဆေးရုံမှာ COVID-19 လူနာတွေကို ကုသပေးရန် သတ်မှတ်ထားတဲ့ ဆေးရုံဖြစ်ပြီး မီးလောင်မှုအတွင်း လူ ၁၅၀ ကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။



ဆေးရုံရဲ့ ခြောက်ထပ်နေရာမှ မီးခိုးများထွက်နေတာ တွေ့ခဲ့ရပါတယ်။ မီးလောင်မှုအတွင်း ဒဏ်ရာရသူ မည်မျှရှိကြောင်း အတိအကျ မသိရသေးဘူးလို့ BBC သတင်းက ပြောပါတယ်။ ဆေးရုံမီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အထူးကြပ်မတ်ကုသဆောင်မှ COVID-19 လူနာအားလုံးဟာ အသက်ရှူစက် တပ်ဆင်ထားရသူတွေလည်း ဖြစ်ပါတယ်။

(Photo: Dmitry Lovetsky/AP)

"အသက်ရှူစက်တွေ အလုပ်လုပ်တာက သူတို့ရဲ့ အကန့်အသတ်တွေရှိပါတယ်၊ ကနဦး စစ်ဆေးတွေ့ရှိမှုတွေအရတော့ မတန်တဆ လုပ်ဆောင်မှုကနေ မီးထလောင်ခဲ့တာပါ၊ ဒါက မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းဖြစ်ခဲ့ပါတယ်" လို့ စိန့်ပီတာစဘတ် အရေးပေါ်ဌာနမှ သတင်းရင်းမြစ်တစ်ခုက Interfax သတင်းဌာနကို ပြောပါတယ်။

ရုရှားသတင်းဝက်ဘ်ဆိုက် NTV ရဲ့ အဆိုအရ မီးလောင်မှုဟာ ဆေးရုံရဲ့ အခြား အဆောင်တွေကို ကူးစက်ခဲ့ခြင်းမရှိဘဲ COVID-19 လူနာတွေထားရှိတဲ့ ခြောက်ထပ်ရှိ အဆောင်ငယ်တစ်ခုမှာသာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဝါယာရှော့မှ အသက်ရှူစက်တစ်ခု ပေါက်ကွဲခဲ့ကြောင်းနဲ့ အဆောင်တစ်ခုလုံး မီးခိုးများပြည့်သွားခဲ့ပြီး လူနာတွေ အသက်ရှူကျပ်ခဲ့ကြကြောင်း ဆရာဝန်တွေကို ကိုးကားပြီး NTV က ဖော်ပြပါတယ်။

(Photo: Reuters)

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံမှာ အထူးသဖြင့် ပြည်နယ်တွေအတွက် အသက်ရှူစက်များ ပြတ်လပ်မှုဖြစ်နေကြောင်း သမ္မတဗလာဒီမာပူတင် ကိုယ်တိုင် ပြီးခဲ့တဲ့လအတွင်း ပြောကြားထားခဲ့ပါတယ်။ ရုရှားမှာ အသက်ရှူစက်နဲ့ mask များကို တိုးမြှင့်ထုတ်လုပ်နေပေမဲ့ ပြတ်လပ်မှုတွေရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း မော်စကိုအပြင်ဘက်မှာ အသုံးပြုနေကြတဲ့ အသက်ရှူစက်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ထုတ်လုပ်ထားခဲ့တာဖြစ်ပြီး ဟောင်းနွမ်းနေပြီလို့ Reuters သတင်းဌာနရဲ့ သုတေသနက ပြောပါတယ်။ ယနေ့ညပိုင်းအထိ စာရင်းတွေအရ ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၃၂,၂၄၃ ဦး၊ သေဆုံးသူ ၂,၁၁၆ ဦးနဲ့ ပြန်လည်သက်သာသူ ၄၃,၅၁၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။


.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က