ထိုင်းရွေးကောက်ပွဲကို ဖေဖေါ်ဝါရီလ ၂၄ ရက်မှာ ပြုလုပ်မှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်အစိုးရအုပ်ချုပ်မှုကို အဆုံးသတ်စေမယ့် အထွေထွေရွေးကောက်ပွဲကို ထပ်မံ ရွှေ့ဆိုင်းရမယ်လို့ သိရပါတယ်။ ထိုင်းရွေးကောက်ပွဲကို ဖေဖေါ်ဝါရီလ ၂၄ ရက်မှာ ကျင်းပပြုလုပ်ရန် နောက်ဆုံးအကြိမ် စီစဉ်ထားခဲ့ပေမဲ့ ယခုအခါ ရွေ့ဆိုင်းရမှာဖြစ်ပြီး မတ်လအတွင်း ပြုလုပ်သွားဖွယ်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူနှစ်ဦးက ယနေ့ (ဇန်နဝါရီ ၁၅ ရက်) ပြောပါတယ်။


(ရွေးကောက်ပွဲကျင်းပရန် ဆန္ဒပြသူများ) (Photo: SCMP)

ထိုင်းရွေးကောက်ပွဲကော်မရှင်ကတော့ ရွှေ့ဆိုင်းမှုကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ သို့သော် ရွေးကောက်ပွဲဆိုင်ရာ အကြီးတန်းအရာရှိနှစ်ဦးက ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ရွေးကောက်ပွဲပြုလုပ်ရန် မဖြစ်နိုင်ကြောင်း Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ပြုလုပ်သွားမယ်လို့ ယမန်နှစ် ဒီဇင်ဘာလအတွင်း ကြေညာထားခဲ့တာလည်း ဖြစ်ပါတယ်။



မေလအတွင်းပြုလုပ်သွားမယ့် ဘုရင်နန်းတက်ပွဲနဲ့ အစီအစဉ်များတိုက်နေတာကြောင့် ရွေးကောက်ပွဲကျင်းပရက် တစ်လကြာ နှောင့်နှေးနိုင်ကြောင်း ထိုင်းစစ်တပ်အစိုးရက အစောပိုင်းမှာ ပြောထားပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်အစိုးရက အာဏာချုပ်ကိုင်ထားမှု ငါးနှစ်နီးပါး ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

(ရွေးကောက်ပွဲကော်မရှင်ရုံးခန်း) (Photo: Bangkok Post)

"ဖေဖေါ်ဝါရီ ၂၄ ရက် ရွေးကောက်ပွဲ လုပ်နိုင်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စီစဉ်ဖို့အတွက် အချိန်မလုံလောက်ပါဘူး၊ ရွေးကောက်ပွဲရက်က မတ်လ ၁၀ ရက် ဒါမှမဟုတ် ၂၄ ရက် ဖြစ်နိုင်ပါတယ်" လို့ ကော်မရှင်မှ တာဝန်ရှိသူက ပြောပါတယ်။ ထိုင်းနိုင်ငံဘုရင်သစ် မဟာဗာဂျီယာလောင်ကွန်း နန်းတက်ပွဲ အခမ်းအနားတွေကို မေလ ၄ ရက်မှ ၆ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထိုသုံးရက်မတိုင်မီ ၁၅ ရက်နဲ့ ထိုသုံးရက်ပြီးနောက် ၁၅ ရက်တို့မှာလည်း ရိုးရာဓလေ့ပွဲများ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

(ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ) (Photo: AFP)

"နန်းတက်ပွဲမတိုင်မီ ရွေးကောက်ပွဲလုပ်သွားမှာပါ" လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းထောက်တွေကို ယနေ့ ပြောပါတယ်။ "ကျွန်တော်တို့က ဒီနှစ်ခုလုံးကို အတူတကွ စီစဉ်ရမှာပါ၊ ဒါပေမဲ့ နန်းတက်ပွဲ ကြိုတင်ပြင်ဆင်မှုအတွက်ကို ပထမအနေနဲ့ အချိန်ပေးရမယ်" လို့လည်း ဝန်ကြီးချုပ်ကဆိုပါတယ်။ အကြီးဆုံး နိုင်ငံရေးပါတီကြီးနှစ်ခုက ရွေးကောက်ပွဲရွှေ့ဆိုင်းမှုအပေါ် ကန့်ကွက်စရာမရှိဘူးလို့ ပြောပါတယ်။

ထိုင်းဥပေဒအရ ရွေးကောက်ပွဲ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ဆန္ဒမဲများပေးအပြီး ရက်ပေါင်း ၆၀ အတွင်း အတည်ပြု ထုတ်ပြန်ရပြီး လွှတ်တော်အစည်းအဝေးကို ရွေးကောက်ပွဲရလဒ်များ ကြေညာအပြီး ၁၅ ရက်အတွင်း ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေး စတင်ရာမှာ ဘုရင်က သဘာပတိအဖြစ် ကြီးမှူးဆောင်ရွက်ပေးကြောင်း သိရပါတယ်။

(ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း) (Photo: AP)

ထိုင်းစစ်တပ်အစိုးရက အဆိုပါ နိုင်ငံရေးဆိုင်ရာ အစီအစဉ်တွေနဲ့ ဘုရင်နန်းတက်ပွဲ အခမ်းအနားများ တိုက်နေနိုင်ကြောင်း ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ နန်းသက် နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့တဲ့ ဘုရင်ဘူမီဘော ၂၀၁၆ ခုနှစ်မှာ နတ်ရွာစံခဲ့ပြီးနောက် သားဖြစ်သူ အသက် ၆၆ နှစ်အရွယ် မဟာဗာဂျီယာလောင်ကွန်းက ဘုရင်အဖြစ် ထီနန်းဆက်ခံခဲ့ပါတယ်။ သို့သော် လက်ရှိအချိန်အထိ မဟာဗာဂျီယာလောင်ကွန်းက တရားဝင် နန်းတက်ပွဲ မကျင်းပရသေးပါဘူး။

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာစေမယ့် အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို စစ်တပ်အစိုးရက အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ကြောင်း သိရပါတယ်။ ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ယင်လတ်အစိုးရကို အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက် လက်ရှိအချိန်အထိ အုပ်ချုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က