ချင်းမိုင်မှာ ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ သင်္ကြန်ပွဲတော် (ဆွန်ခရမ် - Songkran) ပထမ ခြောက်ရက်အတွင်း ယာဉ်မတော်တဆမှု ၃,၀၆၈ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၃၄၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: The Nation)

'အန္တရာယ်ရှိတဲ့ ခုနစ်ရက်' (Seven Days of Danger) လို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ ထိုင်းသင်္ကြန်ပွဲတော်ရဲ့ ပထမ ခြောက်ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့့် ထိခိုက်ဒဏ်ရာရသူဦးရေဟာလည်း ၃,၁၇၆ ဦးရှိခဲ့တယ်လို့ Road Safety Operations Centre (RSOC) ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။

ထိုသို့ ယာဉ်မတော်တဆမှုတွေအနက် ချင်းမိုင်မှာ ၁၁၉ မှု ဖြစ်ပွားခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း Nakhon Si Thammarat မှာတော့ ယာဉ်မတော်တဆမှုကြောင့် လူ ၁၂၆ ဦး သေဆုံးခဲ့ပြီး သေဆုံးမှုအများဆုံးနေရာ ဖြစ်ခဲ့ကြောင်းသိရပါတယ်။ Nakhon Ratchasima နဲ့ Udon Thani မြို့တွေမှာလည်း ယာဉ်မတော်တဆမှုတွေကြောင့် လူ ၁၅ ဦးစီ သေဆုံးခဲ့ပြီး သေဆုံးမှု ဒုတိယအများဆုံးနေရာတွေ ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: People's Daily China)

ထိုင်းသင်္ကြန်ရက်များအတွင်း Trang, Phang Nga, Mae Hong Son, Sukhothai နဲ့ Angthong ပြည်နယ်ငါးခုမှာသာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဧပြီ ၁၆ ရက် တစ်ရက်တည်းမှာပင် ထိုင်းနိုင်ငံတစ်ဝှမ်း ယာဉ်မတော်တဆမှု ၃၆၇ မှု ဖြစ်ပွားခဲ့ပြီး လူ ၄၂ ဦး သေဆုံးကာ အခြား ၃၈၁ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ ယာဉ်မတော်တဆမှုတွေအနက် ၃၀ ရာခိုင်နှုန်းဟာ အရှိန်လွန်မောင်းနှင်မှုကြောင့်ဖြစ်ပြီး ၂၈ ရာခိုင်နှုန်းကတော့ အရက်သေစာသောက်စားပြီး မောင်းနှင်မှုကြောင့် ဖြစ်တယ်လို့ The Nation သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: ThaiPBSWorld)

ဧပြီ ၁၆ ရက်နေ့က ထိုင်းနိုင်ငံတစ်ဝှမ်းမှာ အစိုးရအရာရှိ ၆၅,၃၇၅ ဦးနဲ့ စေတနာ့ဝန်ထမ်း ၂,၀၄၀ တို့က ယာဉ်အစီးရေ ၁,၀၄၈,၈၄၇ စီးကို စစ်ဆေးခဲ့ကြပြီး ယာဉ်မောင်းနဲ့ ဆိုင်ကယ်မောင်းသူ စုစုပေါင်း ၂၃၉,၂၉၅ ဦးကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှုများဖြင့် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ အရေးယူခဲ့မှုတွေအနက် အများစုဟာ ဦးထုပ်မပါဘဲ ဆိုင်ကယ်စီးသူ ၆၄,၈၂၉ ဦးနဲ့ ယာဉ်မောင်းလိုင်စင် မပြနိုင်သူ ၅၇,၀၈၇ ဦးတို့ကို အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။ ဧပြီ ၁၁ ရက်မှ ၁၆ ရက်အထိ ထိုင်းတရားရုံးတွေက ယာဉ်စည်းကမ်းဖောက်ဖျက်သူ ၈,၆၄၂ ဦးကို ပြစ်ဒဏ်များချမှတ်ခဲ့ပါတယ်။

(Photo: The Thaiger)

ပြစ်ဒဏ်ချမှတ်မှုတွေအနက် ၉၈ ရာခိုင်နှုန်းဖြစ်တဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှု ၈,၄၈၁ မှုဟာ အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်မှုများ ဖြစ်ပါတယ်။ ထို့နောက် မူးယစ်ဆေးဝါးသုံးထားပြီး ယာဉ်မောင်းနှင်မှု ၁၅၀ မှုနဲ့ မဆင်မခြင် ယာဉ်မောင်းနှင်မှု ၁၁ မှုတို့ကိုလည်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်သူတွေ အများဆုံးဖမ်းဆီးခဲ့မှုတွေအဖြစ် Maha Sarakham မှာ ၅၉၆ ဦး၊ ဘန်ကောက်မှာ ၄၈၀ ဦးနဲ့ Nakhon Phanom မှာ ၄၄၀ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ် ထိုင်းသင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ဆင်နွှဲခဲ့ကြပါတယ်။

Share

Loading Next Article...
က္က