လက်ရှိအချိန်ထိ လူတစ်ဦးသေဆုံးခဲ့ပါတယ်

ထိုင်းနိုင်ငံကို ဆယ်စုနှစ်သုံးခုအတွင်း ပထမဆုံး အပူပိုင်းမုန်တိုင်း ယနေ့ (ဇန်နဝါရီ ၄ ရက်) ဝင်ရောက်တိုက်ခတ်ခဲ့ရာ လက်ရှိအချိန်ထိ လူတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းတောင်ပိုင်းကမ်းရိုးတန်းကို ပါဘက် (Pabuk) မုန်တိုင်း စတင်ဝင်ရောက်ခဲ့ရာ မုန်တိုင်းလမ်းကြောင်းတစ်လျှောက် သစ်ပင်များလဲပြိုမှုနဲ့ အဆောက်အအုံ အမိုးများလန်ထွက်မှုတို့ ဖြစ်ပေါ်ခဲ့ပါတယ်။



(Photo: Reuters)

မုန်တိုင်းဟာ အားလျော့နည်းလာပေမဲ့ ရုတ်တရက် ရေကြီးမှုတွေဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် ထိုင်းပင်လယ်ကွေ့မှာ ရေလှိုင်းများမြင့်တက်ခြင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အပူပိုင်းမုန်တိုင်းပါဘက်က Nakhon Si Thammarat ပြည်နယ် Pak Phanang ခရိုင် ကုန်းတွင်းပိုင်းကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာ စတင်ဝင်ရောက်ခဲ့ရာ နေအိမ်များပေါ်သို့ သစ်ပင်လဲပြိုကျမှု အပါအဝင် အပျက်အစီး အများအပြားဖြစ်ခဲ့တယ်လို့ Reuters သတင်းက ပြောပါတယ်။

(Photo: Reuters)

မုန်တိုင်းတိုက်မှုအတွင်း သေဆုံးခဲ့သူဟာ Pattani ကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှာ လေပြင်းတိုက်မှုကြောင့် တိမ်းမှောက်ခဲ့တဲ့ ငါးဖမ်းစက်လှေတစ်စီးမှ ဖြစ်ပါတယ်။ အဆိုပါ ငါးဖမ်းစက်လှေမှာ လိုက်ပါလာသူတွေအနက် လေးဦးပျောက်ဆုံးနေပြီး နောက်ထပ်လေးဦးကတော့ ဘေးကင်းခဲ့ကြောင်း သိရပါတယ်။ ပါဘက်မုန်တိုင်းကြောင့် ထိုင်းတောင်ပိုင်းရှိ နေရာဒေသ ၁၅ ခုမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။

(Photo: Reuters)

ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာတော့ မုန်တိုင်းဟာ အားလျော့နည်းပြီး ရွေ့လျားမှုနှေးလာကာ Surat Thani ကို ဦးတည်နေကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။ "မုန်တိုင်းက လေဖိအားနည်းရပ်ဝန်းအဆင့်အဖြစ် အားလျော့သွားမယ်လို့ မျှော်လင့်ရပါတယ်၊ ရာသီဥတုဆိုးရွားမှုကြောင့် သစ်ပင်လဲပြိုမှုနဲ့ ရုတ်တရက် ရေကြီးမှုတို့ကို သတိပြုသင့်ပါတယ်" လို့ မိုးလေဝသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရာသီဥတုဆိုးရွားမှုဟာ စနေနေ့ (ဇန်နဝါရီ ၅ ရက်) အထိ ဆက်လက် ဖြစ်နေနိုင်ကြောင်းလည်း သိရပါတယ်။ ရာသီဥတုအခြေအနေကြောင့် လေဆိပ်များ၊ ကူးတို့သင်္ဘောဝန်ဆောင်မှုများကို ရပ်ဆိုင်းထားပြီး မုန်တိုင်းဖြတ်သန်းသွားပြီးချိန်အထိ ဒေသခံတွေကို နေအိမ်များအတွင်းမှာသာ နေထိုင်ကြရန်လည်း အာဏာပိုင်တွေက အကြံပြုထားပါတယ်။

(Photo: AP)

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် သတိပေးဌာနကလည်း မုန်တိုင်းအန္တရာယ်ရှိနေတဲ့ Koh Samui နဲ့ Koh Phangan ကဲ့သို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ကမ်းခြေတွေကနေ ထွက်ခွာပြီး ကုန်မြင့်ဒေသတွေကို ရွှေ့ပြောင်းကြရန် တိုက်တွန်းထားပါတယ်။ မုန်တိုင်းမဝင်မီ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ Nakhon Si Thammarat, Pattani, Songkhl နဲ့ Yala တို့မှ ဒေသခံ ၆,၁၇၆ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့တယ်လို့လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။

(Map: CNN)

ပါဘက်မုန်တိုင်းဟာ ကော့သောင်းမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်လို့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးရွာမယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီက ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။ မုန်တိုင်းဝင်ရောက်မယ့်အရှိန်ကြောင့် ရန်ကုန်တိုင်း၊ တနသာၤရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နောက် ၂ ရက်အတွင်း နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးရွာနိုင်တယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။



က္က