ထိုင်းဝန်ကြီးချုပ်ပရာယွတ်ကလည်း လူနေထူထပ်တဲ့နေရာတွေမှာ ခိုအကောင်ရေလျှော့ချရန် ညွှန်ကြားထားပါတယ်။
Ko John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အများပြည်သူမြင်ကွင်းမှာ ခိုစာကျွေးသူတွေကို ထောင်ဒဏ်ချမှတ်ရန် စဉ်းစားနေကြောင်း အာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၂၆ ရက်) ပြောပါတယ်။ ငှက်တုပ်ကွေးနဲ့ အခြား ရောဂါအန္တရာယ် လျှော့ချနိုင်ရန်အတွက် ထိုသို့ ထောင်ဒဏ်ချမှတ်ရန် စဉ်းစားနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Photo: Soe Zeya Tun/Reuters



ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ခိုများဖမ်းဆီးရေး ဆောင်ရွက်နေပြီး ခိုစာကျွေးသူတွေကို ထောင်ဒဏ်သုံးလ၊ ဒဏ်ငွေ ၂၅,၀၀၀ (မြန်မာကျပ်ငွေ ၁၂ သိန်းဝန်းကျင်) သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ရန် စီစဉ်သွားမယ်လို့ ပြောထားပါတယ်။

"ခိုတွေ အလွန်အကျွံ စုပြုံရှိနေတာက လူတွေအတွက် ကျန်းမာရေးအန္တရာယ်တစ်ခုပါ" လို့ ဘန်ကောက်မြို့ လက်ထောက်မြို့တော်ဝန် Taweesak Lertprapan က Reuters သတင်းဌာနကို ပြောပါတယ်။ ယခုအခါ ဘန်ကောက်မြို့လယ်နေရာတွေမှာ ခိုဖမ်းသမားတွေကို ခိုများကိုဖမ်းဆီးနေတယ်လို့လည်း ၎င်းကဆိုပါတယ်။

Photo: Soe Zeya Tun/Reuters



အီတလီနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ဗင်းနစ်မြို့မှာလည်း ခိုစာကျွေးခြင်းကို ဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်ပြီး တားမြစ်ပိတ်ပင်ထားပါတယ်။ သို့သော် ဗင်းနစ်မြို့မှာမူ ဘန်ကောက်မှာကဲ့သို့ ထောင်ဒဏ်ချမှတ်ရန် သတ်မှတ်ထားခြင်းမရှိပါဘူး။

ဘန်ကောက်မြို့မှာ 'တောင်ပံပါတဲ့ကြွက်များ' လို့လည်း ခေါ်ဝေါ်ကြလေ့ရှိတဲ့ ခိုတွေကို ဘုရားကျောင်းများ၊ ဈေးများနဲ့ အများပြည်သူပန်းခြံများ အပါအဝင် လူထူထပ်ရာနေရာတွေမှာ တွေ့ရလေ့ရှိပါတယ်။

Photo: Soe Zeya Tun/Reuters



ခိုတွေထံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ငှက်တုပ်ကွေး အပါအဝင် ကျန်းမာရေးအန္တရာယ်များ ရှိနေကြောင်း Taweesak က ပြောခဲ့ပါတယ်။

"လူတွေအတွက် ကျန်းမာရေးအန္တရာယ်မဖြစ်အောင်လုပ်ဖို့ အထိရောက်နည်းလမ်းက ခိုစာကျွေးတာကို တားမြစ်ဖို့ပါပဲ" လို့လည်း ၎င်းကဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း နိုင်ငံတစ်ဝှမ်း လူနေထူထပ်တဲ့နေရာတွေမှာ ခိုအကောင်ရေလျှော့ချရန် ယခုလအတွင်း ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က