ဖိလစ်ဟာ ကားတိုက်မှုဖြစ်ပြီးနောက် ၄၈ နာရီအကြာမှာ ထိုင်ခုံခါးပတ်မပတ်ဘဲ ကားမောင်းခဲ့တာပါ။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ရဲ့ကြင်ယာတော် အီဒင်ဘာ့ဂ်မြို့စား မင်းသားကြီးဖိလစ်ဟာ ကားတိုက်မှုဖြစ်ပြီးနောက် ၄၈ နာရီအကြာမှာ ထိုင်ခုံခါးပတ်မပတ်ဘဲ ကားမောင်းခဲ့တာတွေ့ရပြီးနောက် နော်ဖော့ခ်ရဲတပ်ဖွဲ့က ပညာပေးပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

(ဇန်နဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု) (Photo: MEGA)

အသက် ၉၇ နှစ်အရွယ် မင်းသားကြီးဖိလစ်ဟာ ဇန်နဝါရီ ၁၇ ရက်နေ့က နော်ဖော့ခ်ဒေသရှိ စန်ဒရင်ဂမ်အိမ်တော်အနီး ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုမှာ ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။



ထိုသို့ ကားတိုက်မှုဖြစ်ခဲ့ပြီးနောက် ၄၈ နာရီအကြာမှာ မင်းသားကြီးဖိလစ်က ထိုင်ခုံခါးပတ်မပတ်ဘဲ ကားမာင်းနှင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖိလစ်က Land Rover ကားအသစ်ကို ထိုင်ခုံခါးပတ်မပတ်ဘဲ တစ်ဦးတည်း မောင်းနှင်သွားတဲ့ ဓာတ်ပုံတွေ Daily Mail နဲ့ The Sun သတင်းဌာနတို့က ဖော်ပြခဲ့ကြပါတယ်။

(ဖိလစ်ကို ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ရက်အကြာမှာ တွေ့ရစဉ်) (Photo: albanix.com)

ရဲတပ်ဖွဲ့က အဆိုပါ ဓာတ်ပုံတွေကို တွေ့ရှိခဲ့ပြီးနောက် မင်းသားကြီးဖိလစ်ကို သင့်လျော်တဲ့ အကြံပြုပြောဆိုမှုပြုခဲ့ကြောင်း ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။ "ဒီလိုပုံစံ ပြစ်မှုမျိုးကျူးလွန်တဲ့ ဓာတ်ပုံတွေကို တွေ့ရှိခဲ့ချိန်မှာ ကျွန်မတို့ လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ထားပါတယ်" လို့ ၎င်းကဆိုပါတယ်။

(ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်နဲ့ ကြင်ယာတော် မင်းသားကြီးဖိလစ်) (Photo: Getty Images)

ထိုအတောအတွင်း ဇန်နဝါရီ ၁၇ ရက် ကားတိုက်မှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မင်းသားကြီးဖိလစ်က တောင်းပန်ခြင်းမရှိခဲ့ကြောင်း အဆိုပါ ကားတိုက်မှုကြောင့် လက်ကောက်ဝတ် အရိုးကျိုးသွားခဲ့တဲ့ အမ်မာဖဲရားဝယ်သာ အမည်ရှိ အမျိုးသမီးက Sunday Mirror သတင်းဌာနကို ပြောပါတယ်။

"ကျွန်မ ကံကောင်းလို့ အသက်ရှင်တာ၊ သူက ဝမ်းနည်းပါတယ်လို့တောင် မပြောဘူး၊ ကားတိုက်မှုဖြစ်ခဲ့တုန်းက စိတ်မချမ်းမြေ့စရာနဲ့ နာကျင်ခံစားရတဲ့အချိန်ပါပဲ၊ တော်ဝင်မိသားစုက ဒီထက်ပိုပြီး ဂရုတစိုက်ရှိမယ်လို့ ကျွန်မ မျှော်လင့်ခဲ့တယ်" လို့ အဆိုပါ အမျိုးသမီးက ဖွင့်ဟခဲ့ပါတယ်။

(ယာဉ်တိုက်မှုအတွင်း လက်ကောက်ဝတ်အရိုးကျိုးခဲ့သည့် အမ်မာ) (Photo: Daily Mail)

ယခုအချိန်ထိ တော်ဝင်မိသားစုထံမှ တစ်စုံတစ်ရာ မကြားရသေးဘဲ ရဲတပ်ဖွဲ့ထံမှသာ ဖုန်းခေါ်ဆိုမှုတစ်ကြိမ် ရှိခဲ့ကြောင်းလည်း အမ်မာကဆိုပါတယ်။ "ရဲတပ်ဖွဲ့က ဖုန်းဆက်သွယ်ပြောတာကလည်း အဓိပ္ပါယ်မရှိပါဘူး၊ 'ဘုရင်မကြီးနဲ့ အီဒင်ဘာ့ဂ်မြို့စားက ခင်ဗျားကို သတိတရရှိပါတယ်တဲ့' လေ၊ ဒါက တောင်းပန်တာမှ မဟုတ်တာ၊ ဒါမှမဟုတ် ဆုတောင်းပေးတာလည်း မဟုတ်ဘူး" လို့ အမ်မာက ဆက်လက် ပြောခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က