ထိုင်းပြည်သူ ၂.၃ သန်းကျော်က ကြိုတင်မဲပေးကြမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းအထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးမှုကို မတ်လ ၁၇ ရက်မှာ စတင်ခဲ့ရာ နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများ၊ ကားရပ်နားနေရာများနဲ့ ဘုရားကျောင်းတွေကို ထောင်နဲ့ချီတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ပြည့်နှက်နေခဲ့ပါတယ်။

(ထိုင်းရွေးကောက်ပွဲမှာ ကြိုတင်မဲပေးရန် တန်းစီးစောင့်ဆိုင်းနေသူများ) (Photo: AFP)

စစ်တပ်အာဏာသိမ်းမှုအပြီး ၈ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲပေးရန် ပြည်သူတွေက စိတ်အားထက်သန်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပေးရန် အားတက်သရော မရှိခဲ့ကြပေမဲ့ ယခုတစ်ကြိမ်မှာတော့ ထိုင်းပြည်သူတွေက ကြိုတင်မဲပေးရန် စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။



(ကြိုတင်မဲပေးရန် တန်းစီးစောင့်ဆိုင်းနေသည့် ထိုင်းစစ်သားများ) (Photo: Reuters)

လာမယ့် မတ်လ ၂၄ ရက် ရွေးကောက်ပွဲနေ့မတိုင်မီ ထိုင်းပြည်သူ ၂.၃ သန်းကျော်က ကြိုတင်မဲပေးကြမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ်ယင်လတ် အစိုးရအဖွဲ့ကို စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြတ်ချခဲ့ပြီးနောက် ဒီမိုကရေစီစနစ် ရွေးကောက်ပွဲများပြုလုပ်ရန် စစ်အစိုးရက အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရာ ထိုင်းပြည်သူတွေကြား ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီး ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

(ထိုင်းရွေးကောက်ပွဲမှာ ကြိုတင်မဲပေးရန် တန်းစီးစောင့်ဆိုင်းနေသူများ) (Photo: Reuters)

"နောက်ဆုံးတော့ ကျွန်တော် အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ ကျွန်တော့်မဲကို ထည့်ခွင့်ရခဲ့ပါပြီ" လို့ အသက် ၄၈ နှစ်အရွယ် Paka Kaengkhiew က ဘန်ကောက်မြို့ရှိ Phra Khanong ခရိုင် မဲရုံရှေ့မှာ မဲပေးရန်တန်းစီးနေစဉ် ပြောခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

စစ်ဘက်ဆိုင်ရာရုံးတွေနဲ့ အစိုးရအဆောက်အအုံတွေရှိတဲ့ Dusit ခရိုင်မှာလည်း စာသင်ကျောင်းတစ်ကျောင်းရှိ မဲရုံမဖွင့်မီ ကျောင်းဝင်းအတွင်း မဲဆန္ဒရှင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဘုရင် မဟာဗာဂျီယာလောင်းကွန်းရဲ့ အကြံပေးကောင်စီ အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဟောင်း Perm Tinsulanonda ကလည်း အဆိုပါ စာသင်ကျောင်းမှာဖွင့်လှစ်ထားတဲ့ မဲရုံကို မနက် ၉ နာရီမှာ ရောက်ရှိလာပြီး မဲပေးခဲ့တယ်လို့ဆိုပါတယ်။

(Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း Perm Tinsulanonda ကြိုတင်မဲပေးစဉ်) (Photo: AFP)

မတ်လ ၂၄ ရက် အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ထိုင်းပြည်သူ ၅၁ သန်းကျော်ရှိပါတယ်။ ယခု ရွေးကောက်ပွဲကို စစ်တပ်က ဦးစီးရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရဲ့ ပြဌာန်းချက်များအတိုင်း ကျင်းပပြုလုပ်တာလည်းဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ထိုင်းရွေးကောက်ပွဲစနစ်သစ်ဟာ စစ်တပ်ကပါဝင်ပြီး စစ်အစိုးရခေါင်းဆောင် ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ပါတီကို အခွင့်အရေးပေးထားကြောင်း ပြောကြပါတယ်။

(စစ်တပ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာ) (Photo: AFP)

ပရာယွတ်ချန်အိုချာက ယခု ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ မတ်လ ၁၇ ရက်မှာ ကြိုတင်မဲ စတင်ပေးကြသူတွေကတော့ အပြောင်းအလဲအတွက် မျှော်လင့်ထားကြဆဲဖြစ်ပါတယ်။ "ပိုကောင်းတဲ့ အပြောင်းအလဲအတွက် မျှော်လင့်ပြီး ဒီနေ့ မဲပေးခဲ့ပါတယ်" လို့ အသက် ၅၃ နှစ်အရွယ် မဲဆန္ဒရှင် Mart Bupa က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က