သေဆုံးခဲ့သူတွေအနက် အမေရိကန်တစ်ဦးနဲ့ ဗြိတိန်တစ်ဦး ပါဝင်ပါတယ်။

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ဇိမ်ခံဟိုတယ်တစ်ခုကို စစ်သွေးကြွအဖြစ် သံသယရှိသူများက တိုက်ခိုက်ခဲ့မှုအတွင်း လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ သေနတ်သမားတွေက ကင်ညာမြို့တော် နိုင်ရိုဘီရဲ့ Westlands ဒေသရှိ DusitD2 ဟိုတယ်နဲ့ ရုံးခန်းများတည်ရှိရာ နေရာကို ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) မှာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: EPA)

ထိုနေ့ညပိုင်းမှာ ဟိုတယ်တိုက်ခိုက်ခံရမှုကို ကိုင်တွယ်ထိန်းသိမ်းနိုင်ခဲ့ပြီလို့ အာဏာပိုင်တွေက ပြောခဲ့ပေမဲ့ သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်) မနက်အစောပိုင်းအထိ ကြားနေခဲ့ရကြောင်းနဲ့ လုံခြုံရေးဆောင်ရွက်နေမှုလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း BBC သတင်းက ပြောပါတယ်။


ဆိုမာလီယာနိုင်ငံမှာ အခြေစိုက်တဲ့ အယ်လ်ရှာဘတ်စစ်သွေးကြွအုပ်စုက ယခုတိုက်ခိုက်မှုကို ၎င်းတို့ စီစဉ်ခဲ့တယ်လို့ ထုတ်ဖော်ပြောလာပါတယ်။ ဟိုတယ်တိုက်ခိုက်ခံရမှုအတွင်း လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပေမဲ့ သေဆုံးသူအရေအတွက်ကို အစိုးရက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သေဆုံးခဲ့သူတွေအနက် အမေရိကန်တစ်ဦးနဲ့ ဗြိတိန်တစ်ဦး ပါဝင်ပါတယ်။

(ဟိုတယ်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သည့် သေနတ်သမားတစ်ဦး) (Photo: AP)

ယနေ့ နှောင်းပိုင်းသတင်းတွေအရ ဟိုတယ်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွတွေကို လုံခြုံရေးတပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခန့်မှာ သေနတ်သမားလေးဦးက ဟိုတယ်ကားပါကင်ရှိ ကားတွေကို လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲခဲ့ပြီးနောက် ဧည့်ခန်းဆောင်အတွင်းကို ဝင်ရောက်ခဲ့ကြပါတယ်။ ဟိုတယ်ဧည့်ခန်းဆောင်အတွင်း အသေခံဗုံးဖောက်ခွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: AFP/Getty Images)

"ကျွန်မ သေနတ်သံတွေ စကြားခဲ့ရတယ်၊ နောက်တော့ လူတွေက လက်တွေမြှောက်ပြီး ထွက်ပြေးနေကြတာတွေ့ရတယ်၊ တချို့ကတော့ အသက်ဘေးလွတ်အောင် ဘဏ်ထဲကို ဝင်ပြေးကြတာလည်း တွေ့ခဲ့ရတယ်" လို့ ဟိုတယ်အနီးအနားရှိ အဆောက်အအုံမှာ အလုပ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: AP)

ယမန်နေ့ ည ၈ နာရီမှာတော့ ဟိုတယ်ရှိတဲ့ နေရာအတွင်းမှ အဆောက်အအုံ အားလုံးကို လုံခြုံရေးတပ်ဖွဲ့က စောင့်ကြပ်ထိန်းချုပ်ထားပြီလို့ ပြည်ထဲရေးဌာနမှ တာဝန်ရှိသူ Fred Matiang'i က သတင်းထုတ်ပြန်ပါတယ်။ "အခြေအနေကို ထိန်းသိမ်းခဲ့ပါပြီ၊ နိုင်ငံ ဘေးကင်းလုံခြုံပါတယ်၊ အကြမ်းဖက်ဝါဒက ကျွန်တော်တို့ကို ဘယ်တော့မှ အနိုင်မရပါဘူး" လို့ ၎င်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သို့သော် ထိုသို့ပြောအပြီး တစ်နာရီမျှအကြာမှာတော့ ဟိုတယ်ဘက်ကနေ သေနတ်သံနဲ့ ပေါက်ကွဲသံတွေကို ကြားခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဟိုတယ်တည်ရှိရာဝင်းအတွင်းမှ အရပ်သား ၇၀၀ ကျော်ကို ကယ်ထုတ်ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

(ဟိုတယ်ကို တိုက်ခိုက်ခဲ့သူများနက်မှ သေနတ်သမားနှစ်ဦးကို တွေ့ရစဉ်) (Photo: AP)

ဟိုတယ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူ ၃၀ ခန့်ကို နိုင်ရိုဘီရှိ ဆေးရုံတွေမှာ ကုသပေးနေကြောင်းနဲ့ လုံခြုံရေးဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ သေနတ်သမားများ တိုက်ခိုက်ခဲ့တဲ့ DusitD2 ဟိုတယ်ဟာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ဖြစ်ပြီး အခန်းပေါင်း ၁၀၁ ခန်းရှိပါတယ်။

အဆိုပါ ဟိုတယ်မှာ spa နဲ့ စားသောက်ဆိုင်အချို့လည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ကင်ညာမှာ လတ်တလော နှစ်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီး အများစုဟာ ဆိုမာလီယာနိုင်ငံနယ်စပ်အနီးနဲ့ နိုင်ရိုဘီမြို့တော်တို့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၇ ရက် နောက်ဆက်တွဲသတင်း - ဟိုတယ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် ၂၁ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က