ထိုင်းဘုရင်သစ် မဟာဗာဂျီယာလောင်ကွန်းကို နန်းတက်ပွဲအခမ်းအနားများအပြီး နောက်တစ်ရက်ဖြစ်တဲ့ မေ ၇ ရက်နေ့မှာ ဘန်ကောက်မြို့ရှိ ဘုရင့်နန်းတော်အနီးသို့ဆင်များဖြင့် ချီတက်ဂါရဝါပြုခဲ့ကြပါတယ်။
(Photo: Soe Zeya Tun/Reuters)
ဆေးရောင်ခြယ်ထားတဲ့ ဆင်ဆယ်စီးနဲ့ ဆင်ဦးစီးတွေက အယုဓ္ဒယမြို့တော်ဟောင်းကနေ ချီတက်လာခဲ့ကြပြီး ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းရဲ့ ရုပ်ပုံကို ဂါရဝပြုခဲ့ကြတာ တွေ့ရပါတယ်။ ဆင်တွေက ထိုင်းဘုရင်သစ်ကို လာရောက်ဂါရဝပြုမှုကို စိတ်ဝင်တစား ကြည့်ရှုကြသူအများအပြားလည်း ရှိခဲ့ပါတယ်။
"ကျွန်တော် ပျော်တယ်ဗျာ၊ ဒါမျိုး ကျွန်တော့်အသက် ၇၀ မှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူးလို့" ဆိုင်ကယ်တက္ကစီသမား Boonsueb Unnimit က ဘုရင်နန်းတက်ပွဲအကြောင်းကို ပြောခဲ့ပါတယ်။ ဆင်တွေဟာ ထိုင်းနိုင်ငံသမိုင်းနဲ့ ဓလေ့ထုံးတမ်းယဉ်ကျေးမှုမှာ အထူးအရေးပါကြတယ်လို့ ဆိုပါတယ်။
(Photo: Soe Zeya Tun/Reuters)
"ဆင်ဆိုတာက ဘုရင်မင်းမြတ်ရဲ့ သင်္ကေတ၊ တိုက်ပွဲတွေရဲ့ သင်္ကေတဖြစ်သလို တည်ငြိမ်အေးချမ်းမှုရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်" လို့ အသက် ၆၁ နှစ်အရွယ် ဘန်ကောက်မြို့ခံ Panarat Panchuer က ပြောကြောင်း Reuters သတင်းမှာဖော်ပြပါတယ်။
ထိုင်းဘုရင် ဗာဂျီလောင်ကွန်းရဲ့ နန်းတက်ပွဲမှာတော့ ဆင်တွေ ပါဝင်ခဲ့ခြင်းမရှိပေမဲ့ နောက်ပိုင်း တစ်ချိန်ချိန်မှာ ဘုရင်အတွက် ဆင်ဖြူတစ်ကောင် လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သသွားမယ်လို့ဆိုပါတယ်။ ထိုင်းဘုရင်သစ် ဗာဂျီယာလောင်ကွန်း နန်းတက်ပွဲအခမ်းအနားတွေကို မေ ၄ရက်မှ ၆ ရက်အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
(Photo: Soe Zeya Tun/Reuters)
ဗာဂျီယာလောင်ကွန်းဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံရဲ့ ထီးနန်းကို နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့တဲ့ ဖခင်ဖြစ်သူ ဘုရင်ဘူမီဘော ကွယ်လွန်ခဲ့ပြီးနောက် ထီးနန်းဆက်ခံခဲ့တာ ဖြစ်ပါတယ်။
ဘုရင်ဗာဂျီယာလောင်ကွန်းကို ဆင်တွေနဲ့အတူ လာရောက်ဂါရဝပြုရာမှာ လူအုပ်စုများပြီး အပူချိန်မြင့်တက်နေပေမဲ့လည်း ဆင်တွေကို ငြိမ်သက်နေအောင် ထိန်းနိုင်ခဲ့တာကြောင့် ကျေနပ်မိကြောင်း အယုဓ္ဒယမြို့ရှိ Elephant Kraal and Village ဆင်စခန်းပိုင်ရှင် Laithongrien Meepan က ပြောပါတယ်။