လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားပြီး မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

ထိုင်ဝမ်ကို အားအလွန်ကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဦးတည်ချဉ်းကပ်လာမှုကြောင့် ဈေးများ၊ စီးပွးရေးလုပ်ငန်းများနဲ့ ကျောင်းများကို သောကြာနေ့ (သြဂုတ် ၉ ရက်) မှာ ပိတ်ထားကြရန် အာဏာပိုင်တွေက ညွန်ကြားထားပါတယ်။

(ထိုင်ဝမ်းဆိပ်ကမ်းမြို့ Keelung မြင်ကွင်းတစ်ခု) (Photo: AFP)

စူပါတိုင်ဖွန်း ချဉ်းကပ်လာမှုကြောင့် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားပြီး မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။ ထိုင်ဝမ်မှာ ယနေ့ (သြဂုတ် ၈ ရက်) မနက်အစောပိုင်းက ရစ်ချ်တာစကေး ၅.၉ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ပြီး မကြာမီမှာပင် စူပါတိုင်ဖွန်းအတွက် ပြင်ဆင်မှုနဲ့ သတိပေးမှုတွေ လုပ်ဆောင်လာရတာလည်း ဖြစ်ပါတယ်။



တိုင်ဖွန်းမုန်တိုင်း လီကီမာ (Typhoon Lekima) ဟာ လက်ရှိမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၅ မိုင်ဖြင့် တိုက်ခတ်နေပြီး ထိုင်ဝမ်ကို ယနေ့ညပိုင်းမှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး စူပါတိုင်ဖွန်းမုန်တိုင်းအဆင့် ဖြစ်လာခဲ့ကြောင်း ထိုင်ဝမ်မိုးလေဝသဌာက ပြောပါတယ်။

(စူပါတိုင်ဖွန်း လီကီမာ လမ်းကြောင်းပြမြေပုံ) (Map: CNN)

"တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်နေတုန်းမှာ ငလျင်တစ်ခု လှုပ်သွားခဲတယ်၊ ဒါက ရှားပါးတဲ့ဖြစ်ရပ်ပါ" လို့ ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က အရေးပေါ်ဆိုင်ရာဌာနမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း မှတ်ချက်ပြုခဲ့ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ မုန်တိုင်းချဉ်းကပ်လာမှုအတွက် နိုးနိုးကြားကြားနဲ့ အသင့်ရှိနေကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ဟောင်ကောင်ကိုဝင်ရောက်မယ့် အားအကောင်းဆုံး စူပါတိုင်ဖွန်း လီကီမာဟာ အရှေ့မြောက်ဘက်ကမ်းရိုးတန်းကို ဦးတည်ချဉ်းကပ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ လက်ရှိတည်နေရာမှ ပင်လယ်ပြင်တစ်လျှောက် အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၂ မိုင်နှုန်းနီးပါးဖြင့် ရွေ့လျားနေကြောင်းလည်း ထိုင်ဝမ်မိုးလေဝသဌာနက ပြောထားပါတယ်။

(ထိုင်ဝမ် ငါးဖမ်းစက်လှေများ) (Photo: AFP)

မိုးလေဝသဌာနက တိုင်ပေ၊ မြောက်ပိုင်းဆိပ်ကမ်းမြို့ Keelung နဲ့ အခြား မြောက်ပိုင်းနေရာဒေသတွေမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်နိုင်ကြောင်း သတိပေးထားပါတယ်။ ထို့အတူ ထိုင်ဝမ် တောင်ဘက်နဲ့အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ကို ထွက်ခွာကြသူတွေအတွက်လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်း စူပါတိုင်ဖွန်း လီကီမာအပြင် နောက်ထပ် တိုင်ဖွန်းမုန်တိုင်း ခရိုစာ (Typhoon Krosa) ကလည်း လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၅ မိုင်ဖြင့် တိုက်ခတ်နေကြောင်း သိရပါတယ်။ ထိုင်ဝမ်အရှေ့မြောက်ပိုင်း ကမ်းလွန်မှာ ယနေ့ ငလျင်လှုပ်ပြီးနောက်ပိုင်း မြောက်ပိုင်းတောင်တန်းဒေသတွေမှာ မိုးရေချိန် ၃၅ လက်မကျော်အထိ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်ထားပြီး မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

ထိုင်ဝမ်မှာ ယနေ့လှုပ်ခတ်ခဲ့တဲ ငလျင်ကြောင့် အဆောက်အအုံ ၁၀,၀၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ဗီရိုတစ်လုံး လဲကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် လူဦးရေ ၂,၀၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်းလည်း သိရပါတယ်။ ရွှေ့ပြောင်းခဲ့ရသူ အများစုဟာ အရှေ့ဘက်ကမ်းလွန်ရှိ ကျွန်းစုတွေမှာ ရောက်ရှိနေကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ တောင်တန်းဒေသမှ ဒေသခံတွေဖြစ်ပါတယ်။

(တိုင်ဖွန်းလီကီမာနှင့် တိုင်ဖွန်းခရိုစာ) (Photo: AccuWeather)

ထိုင်ဝမ်ကို ယနေ့ညနှောင်းပိုင်းမှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ စပါတိုင်ဖွန်းမုန်တိုင်းဟာ တရုတ်နိုင်ငံသို့ ဆက်လက် ဦးတည်ရွေ့လျားမှာဖြစ်ပြီး ရှန်ဟိုင်းမြို့ကို ယခုလာမယ့် သီတင်းပတ်ကုန်ရက်တွေမှာ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားမှာလည်း တိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့နဲ့ ဂျပန်နိုင်ငံတို့ကို နှစ်စဉ် ဒုတိယနှစ်ဝက်အတွင်း တိုင်ဖွန်းမုန်တိုင်းများ ပုံမှန် ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ထိုင်ဝမ်မှာ ၂၀၀၉ ခုနှစ်က တိုင်ဖွန်းမုန်တိုင်း မိုရာကော့တ် (Typhoon Morakot) တိုက်ခတ်ခဲ့ရာ မြေပြိုမှုများကြောင့် အများစုအပါအဝင် လူ ၇၀၀ နီးပါး သေဆုံးခဲ့ဖူးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က