လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ကျော်ဖြင့် ချဉ်းကပ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်ဝမ်ကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် အရောင်းအဝယ်လုပ်ငန်းများနဲ့ ကျောင်းများပိတ်ထားပြီး လေကြောင်းခရီးစဉ်များကိုလည်း ဖျက်သိမ်းထားပါတယ်။

(သြဂုတ်လအတွင်း ထိုင်ဝမ်မှာ တိုင်းဖွန်း Bailu ကြောင့် လေပြင်းတိုက်ခဲ့စဉ်) (Photo: AFP)

တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် ယနေ့ (စက်တင်ဘာ ၃၀ ရက်) မှာ လေကြောင်းလိုင်းတွေက လေယာဉ်ခရီးစဉ် ၁၅၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး အာဏာပိုင်တွေက ရေကြီးမှုနဲ့ လေပြင်းများတိုက်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။



မိုးလေဝသဌာနက ဒုတိယအဆင့် အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားတဲ့ တိုင်ဖွန်း Mitag ဟာ ထိုင်ဝမ်အရှေ့မြောက်ဘက် Yilan ကောင်တီ ကမ်းရိုးတန်းကို အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ကျော်ဖြင့် ယနေ့ညပိုင်းမှာ ချဉ်းကပ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

(တိုင်ဖွန်း Mitag လမ်းကြောင်းပြမြေပုံ) (Map: Weather Underground)

လက်ရှိမှာ တိုင်ဖွန်း Mitag ဟာ ပင်လယ်ပြင်အတွင်း အနောက်မြောက်-မြောက်ဘက်သို့ ဦးတည်ပြီး တစ်နာရီလျှင် ၁၅ မိုင်ခန့်ဖြင့် ရွေ့လျားနေကြောင်းနဲ့ ထိုင်ဝမ်ကိုချဉ်းကပ်လာစဉ် ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။ မုန်တိုင်းကြောင့် တိုင်ပေ၊ မြောက်ပိုင်းဆိပ်ကမ်းမြို့ Keelung နဲ့ အခြား မြောက်ပိုင်းဒေသတွေမှာ လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်ဝမ်မိုးလေဝသဌာနက သတိပေးထားပါတယ်။

ထို့အတူ ထိုင်ဝမ်အနီးတစ်ဝိုက် ပင်လယ်ပြင်ထွက်သူတွေကိုလည်း သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးမှုနဲ့ မုန်တိုင်ဒီရေ မြင့်တက်လာနိုင်တဲ့ အခြေအနေတွေအတွက် အကူအညီပေးရန် ထိုင်ဝမ်စစ်သား ၁၂,၀၀၀ ကို အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

(ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်) (Photo: AP)

"စစ်တပ်နဲ့ အာဏာပိုင်တွေ အားလုံးကို အသင့်ရှိနေစေပါတယ်၊ တိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုရှိမယ့်နေရာက မိတ်ဆွေတွေအနေနဲ့ တိုင်ဖွန်းအတွက် ကြိုတင်ပြင်ဆင်ကြပြီး တတ်နိုင်သလောက် နေအိမ်ထဲမှာပဲ နေကြပါ" လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က သူမရဲ့ Facebook မှာ ရေးသားထားပါတယ်။

လက်ရှိမှာ မုန်တိုင်းချဉ်းကပ်လာနေမှုကြောင့် လေယာဉ်ခရီးစဉ် ၁၅၀ ကျော်နဲ့ ကူးတို့သင်္ဘောခရီးစဉ်တွေကို ဖျက်သိမ်းထားပြီး ထိုင်ဝမ်တစ်ဝှမ် အဝေးပြေးလမ်းတွေကိုလည်း ရေကြီးမြေပြိုမှုတွေ စိုးရိမ်ရတာကြောင့် ပိတ်ထားပါတယ်။ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာပြီး လေပြင်းတိုက်မှုတွေကြောင့် ယနေ့မနက်ပိုင်းမှာ နေအိမ် ၂,၇၀၀ ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရပါတယ်။ တိုင်ဖွန်း Mitag ဟာ ထိုင်ဝမ်ကိုဖြတ်သန်းပြီးနောက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို အင်္ဂါနေ့ (အောက်တိုဘာ ၁ ရက်) မှာ ချဉ်းကပ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

(၂၀၁၈ ခုနှစ်က တိုင်ဖွန်း Mariain ကြောင့် တိုင်ပေမှာ မိုးသည်းထန်ခဲ့စဉ်) (Photo: EPA-EFF)

ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့နဲ့ ဂျပန်နိုင်ငံတို့ကို နှစ်စဉ် ဒုတိယနှစ်ဝက်အတွင်း တိုင်ဖွန်းမုန်တိုင်းများ ပုံမှန် ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ထိုင်ဝမ်မှာ ၂၀၀၉ ခုနှစ်က တိုင်ဖွန်းမုန်တိုင်း မိုရာကော့တ် (Typhoon Morakot) တိုက်ခတ်ခဲ့ရာ မြေပြိုမှုများကြောင့် အများစုအပါအဝင် လူ ၇၀၀ နီးပါး သေဆုံးခဲ့ဖူးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


Share

Loading Next Article...
က္က