မြေအောက်အနက် ၆.၂ မိုင်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ပါတယ်။
ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၅.၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့ (သြဂုတ် ၈ ရက်) လှုပ်ခတ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး ယာဉ်ကြောပိတ်ဆို့မှုနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

(Infographic: Straits Times)

ငလျင်လှုပ်စဉ် ဗီရိုတစ်လုံး လဲကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် လူဦးရေ ၂,၀၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်းလည်း သိရပါတယ်။ ရွှေ့ပြောင်းခဲ့ရသူ အများစုဟာ အရှေ့ဘက်ကမ်းလွန်ရှိ ကျွန်းစုတွေမှာ ရောက်ရှိနေကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ တောင်တန်းဒေသမှ ဒေသခံတွေဖြစ်ပါတယ်။



ငလျင်ဟာ ယနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၈ မိနစ်က ယီလန်ကောင်တီ အရှေ့မြောက်ဘက် မြေအောက်အနက် ၆.၂ မိုင်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း United States Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ထိုင်ဝမ် မိုးလေဝသဌာနကတော့ ငလျင်ပြင်းအားကို ရစ်ချ်တာစကေး ၆.၀ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

(Photo: Annie Yi/Facebook)

ထိုင်ဝမ်မြို့တော် တိုင်ပေမြို့ရှိ အထပ်မြင့် အဆောက်အအုံများ လှုပ်ရမ်းသွားခဲ့ပြီး အိပ်ပျော်နေခဲ့တဲ့ မြို့ခံတွေ လန့်နိုးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်မှုကို ထိုင်ဝမ်နေရာအနှံ့အပြားမှာ ခံစားသိရှိခဲ့ရကြောင်းနဲ့ အဆောက်အအုံ ၁၀,၀၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီး ယီလန်ကောင်တီအတွင်း ရထားခရီးးစဉ်အချို့ကို Taiwan Railways Administration က ဆိုင်းငံ့ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်ဝမ်မှာ ဧပြီလအတွင်းကလည်း ရစ်ချ်တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပြီး လူ ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ယမန်နှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း Hualien မြို့မှာ ညသန်းခေါင်မတိုင်မီအချိန် ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။

(Map: USGS)

သေဆုံးသူအများစုဟာ ငလျင်ကြောင့် တစ်စိတ်တစ်ပိုင်း ပြိုကျသွားတဲ့ အဆောက်အအုံထဲမှာ ပိတ်မိခဲ့သူတွေ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ လတ်တလော ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ငလျင်လှုပ်မှုဟာ ၁၉၉၉ ခုနှစ် စက်တင်ဘာလမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၆ အဆင့်ရှိ ငလျင်ကြီးဖြစ်ပြီး ထိုငလျင်ကြောင့် လူ ၂,၄၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က