မိဖုရားတင်မြှောက်ပြီးနောက် နှစ်လအကြာ ကြင်ရာတော်တစ်ဦး တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။
Ko John

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းရဲ့ ကြင်ရာတော် Sineenat Wongvajirapakdi ရဲ့ ရှားပါးဓာတ်ပုံတွေကို နန်းတော်က ယမန်နေ့ (သြဂုတ် ၂၆ ရက်) မှာ ထုတ်ဖော်ပြသလိုက်ရာ ဝင်ရောက်ကြည့်ရှုသူ များပြားလွန်းတာကြောင့် နန်းတော်ဝက်ဘ်ဆိုက် ဖွင့်မရတဲ့အထိ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ထိုင်းဘုရင့်နန်းတော်က ထုတ်ဖော်ပြသလိုက်တဲ့ ဓာတ်ပုံတွေအနက် အသက် ၃၄ နှစ်အရွယ် ကြင်ရာတော်သစ် Sineenat Wongvajirapakdi က တိုက်လေယာဉ်မောင်းနေပုံ၊ တိုက်ပွဲဝင်ဝတ်စုံ ဝတ်ဆင်ထားပြီး သေနတ်တစ်လက် ပစ်ခတ်နေပုံတို့လည်း ပါဝင်ခဲ့ပါတယ်။

အသက် ၆၇ နှစ်ရွယ် ထိုင်းဘုရင်ဟာ ၎င်းရဲ့ စတုတ္ထမြောက်ဇနီးအဖြစ် စုသီတာကို နန်းတက်ပွဲမတိုင် တရားဝင် လက်ထပ်ခဲ့ပြီး မိဖုရားတင်မြှောက်ခဲ့ပါတယ်။ ထို့နောက် နှစ်လအကြာ ဇူလိုင်လအတွင်းမှာ Sineenat ကို ကြင်ရာတော်အဖြစ် တင်မြှောက်ခဲ့ပါတယ်။

(Photo: Reuters)

ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Sineenat ဟာ ရာစုနှစ်တစ်ခုနီးပါအတွင်း ထိုင်းဘုရင်က တင်မြှောက်ခဲ့တဲ့ ပထမဆုံး ကြင်ရာတော် (Royal Noble Consort) လည်း ဖြစ်လာခဲ့ပါတယ်။ Reuters သတင်းဌာနရဲ့ အဆိုအရ ကြင်ရာတော် Sineenat ရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြလိုက်ရာ စိတ်ဝင်တစား ကြည့်ရှုသူများပြားလွန်းတာကြောင့် ထိုင်းဘုရင့်နန်းတော်ဝက်ဘ်ဆိုက်ဟာ ဖွင့်မရဖြစ်သွားခဲ့ကြောင်းလည်း သိရပါတယ်။ နန်းတော်က Sineenat ရဲ့ ဓာတ်ပုံတွေနဲ့အတူ သူမရဲ့ ကိုယ်ရေးအထ္ထုပ္ပတ္တိကိုလည်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP/Getty Images)

ထိုင်းဘုရင်နန်းတော်က ပြောကြားမှုအရ Sineenat ဟာ လေ့ကျင့်ထားတဲ့ လေယာဉ်မှူး၊ သူနာပြုနဲ့ ကိုယ်ရံတော်တစ်ဦး ဖြစ်ကြောင်းသိရပါတယ်။ ထိုင်းဘုရင်ရဲ့ မိဖုရား အသက် ၄၁ နှစ်အရွယ် စုသီတာကတော့ လေယာဉ်မယ်ဟောင်းနဲ့ ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ ဒုတိယခေါင်းဆောင် ဖြစ်ပါတယ်။ စုသီတာဟာ ဘုရင်ဗာဂျီယာလောင်ကွန်းရဲ့ ကာလရှည်ကြာ လက်တွဲဖော်တစ်ဦးလည်းဖြစ်ပြီး ၎င်းနဲ့အတူ အများမြင်ကွင်းမှာ နှစ်ပေါင်းအတန်ကြာ မြင်တွေ့ခဲ့ကြရပါတယ်။

(Photo: AFP/Thailand's Royal Office)

ထိုင်းနိုင်ငံ ပြည်သူတွေ ချစ်ခင်လေးစားကြတဲ့ ဘုရင်ဘူမီဘောဟာ ထီးနန်းကို နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့ပြီးနောက် သားဖြစ်သူ ဗာဂျီယာလောင်ကွန်းက ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီး တရားဝင် နန်းတက်ပွဲကိုတော့ ယခုနှစ် မေလ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာ တခမ်းတနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP/Getty Images)

ဗာဂျီယာလောင်ကွန်းဟာ ဖခင်ဖြစ်သူ ကွယ်လွန်ချိန်က ထီးနန်းဆက်ခံခဲ့စဉ် အသက် ၆၄ နှစ်အရွယ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ထီးနန်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ထီးနန်းဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။ ၎င်းဟာ Chakria မင်းဆက်ရဲ့ ၁၀ ဆက်မြောက် ရာမဘုရင် (Rama X) ဖြစ်ကြောင်းသိရပါတယ်။


က္က