ကြင်ရာတော် Sineenat က သူမကိုယ်တိုင် မိဖုရားဖြစ်ရန် ရည်မှန်းနေခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းက ဇူလိုင်လအတွင်း ကြင်ရာတော်အဖြစ် တင်မြှောက်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် Sineenat Wongvajirapakdi ဟာ ဘုရင်နဲ့ထီးနန်းအပေါ် သစ္စာမရှိမှုကြောင့် သူမရဲ့ တော်ဝင်ဂုဏ်ပုဒ်နဲ့ ရာထူးများအားလုံးကို ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်း နန်းတော်က ယနေ့ (အောက်တိုဘာ ၂၁ ရက်) ထုတ်ပြန်ကြေညာပါတယ်။

(ထိုင်းဘုရင်နှင့် ကြင်ရာတော်) (Photo: Thai PBS World)

ထိုင်းဘုရင်ထီးနန်းမှာ ရာစုနှစ်တစ်ခုနီးပါကြာ အသုံးပြုခဲ့ခြင်းမရှိတဲ့ တော်ဝင်ဂုဏ်ပုဒ်အဖြစ် Sineenat ကို ဘုရင့်ကြင်ရာတော် တင်မြှောက်ခဲ့ပြီးနောက် သုံးလမပြည့်မီမှာပင် တော်ဝင်ဂုဏ်ပုဒ် ရုပ်သိမ်းပယ်ဖျက်လိုက်ရာ ထိုင်းပြည်သူများကြား အံ့အားသင့်ခဲ့ကြရပါတယ်။



အသက် ၆၇ နှစ်အရွယ် ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက စတုတ္ထမြောက်ဇနီးအဖြစ် စုသီတာကို နန်းတက်ပွဲမတိုင် တရားဝင် လက်ထပ်ခဲ့ကာ မိဖုရားတင်မြှောက်ခဲ့ပြီးနောက် နှစ်လမျှအကြာမှာ Sineenat ကို ကြင်ရာတော်အဖြစ် တင်မြှောက်ခဲ့တာလည်း ဖြစ်ပါတယ်။

(ထိုင်းဘုရင်နှင့် မိဖုရားစုသီတာ) (Photo: Thai PBS World)

စစ်သူနာပြုဟောင်းဖြစ်သူ Sineenat ကို သူမရဲ့ တော်ဝင်ကြင်ရာတော်ဂုဏ်ပုဒ်ဖြစ်တဲ့ 'Chao Khun Phra' အဆင့်အတန်းမှ ပယ်ဖျက်လိုက်ကြောင်း Royal Gazette က ပြောပါတယ်။ ထိုင်းဘုရင့်နန်းတော်က တရားဝင် ထုတ်ပြန်ချက်အရ Sineenat က သူမကိုယ်တိုင် မိဖုရားဖြစ်လိုတဲ့ ရည်မှန်းချက်ရှိပြီး အသက် ၄၁ နှစ်အရွယ် စုသီတာကို မိဖုရားတင်မြှောက်ခဲ့မှုအပေါ် ဆန့်ကျင်တဲ့ အပြုအမူ လုပ်ဆောင်မှုရှိခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

(နန်းတက်ပွဲမှာ ဝေါယာဉ်ဖြင့်လှည့်လည်ခဲ့တဲ့ ထိုင်းဘုရင်) (Photo: Lauren DeCicca/Getty Images)

သူမရဲ့ ထိုလုပ်ဆောင်မှုက တော်ဝင်လုပ်ပိုင်ခွင့်အာဏာကို ထိပါးခြင်းဖြစ်ပြီး ဘုရင်ဗာဂျီယာလောင်ကွန်းက Sineenat ရဲ့ တော်ဝင်ဂုဏ်ပုဒ်နဲ့ စစ်ဘက်ဆိုင်ရာ ရာထူးများအားလုံးကို ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်း နန်းတော်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ကြင်ရာတော်ဂုဏ်ပုဒ်နဲ့ စစ်ဘက်ရာထူးများ ပယ်ဖျက်ခံရတဲ့ Sineenat ဟာ လေ့ကျင့်ထားတဲ့ လေယာဉ်မှူး၊ သူနာပြုနဲ့ ကိုယ်ရံတော်တစ်ဦး ဖြစ်ပါတယ်။

(လေယာဉ်မှူးတစ်ဦးဖြစ်သူ Sineenat) (Photo: EPA)

ထိုင်းနိုင်ငံမှာ ပြည်သူတွေ ချစ်ခင်လေးစားကြတဲ့ ဘုရင်ဘူမီဘောဟာ ထီးနန်းကို နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့ပြီးနောက် သားဖြစ်သူ ဗာဂျီယာလောင်ကွန်းက ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီး တရားဝင် နန်းတက်ပွဲကိုတော့ ယခုနှစ် မေလ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာ တခမ်းတနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဗာဂျီယာလောင်ကွန်းဟာ ဖခင်ဖြစ်သူ ကွယ်လွန်ချိန်က ထီးနန်းဆက်ခံခဲ့စဉ် အသက် ၆၄ နှစ်အရွယ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ထီးနန်းသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ထီးနန်းဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။ ၎င်းဟာ Chakria မင်းဆက်ရဲ့ ၁၀ ဆက်မြောက် ရာမဘုရင် (Rama X) ဖြစ်ကြောင်းသိရပါတယ်။


Share

Loading Next Article...
က္က