အိမ်ဖြူတော်နဲ့ အခြား နေရာတွေမှာ အစောင့်တပ်ဖွဲ့ဝင် ၁,၇၀၀ ကို ဖြန့်ကျချထားခဲ့ပါတယ်။

အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ ဆန္ဒပြမှုများအတွင်း ဖြန့်ကျချထားခဲ့တဲ့ အစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များထံမှာ COVID-19 ကူးစက်ခံရမှုတွေ စစ်ဆေးတွေ့ရှိရကြောင်း မေ ၉ ရက်နေ့မှာ အဆိုပါတပ်ဖွဲ့က ပြောပါတယ်

(Photo: Reuters)

ကူးစက်ခံရတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ လုပ်ငန်းကိစ္စလုံခြုံရေးအရ ထုတ်ဖော်ပြောနိုင်ခြင်း မရှိကြောင်း အစောင့်တပ်ဖွဲ့ ပြောခွင့်ရအမျိုးသမီး ဒုဗိုလ်မှူးကြီး Brooke Davis က ဆိုပါတယ်။ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်နဲ့ အခြား နေရာတွေမှာ အစောင့်တပ်ဖွဲ့ဝင် ၁,၇၀၀ ကို ဖြန့်ကျချထားခဲ့တယ်လို့ သူမက ပြောပါတယ်။



အစောင့်တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျချထားခြင်းမပြုမီနဲ့ ပြန်လည်ရောက်ရှိချိန်မှာ COVID-19 စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဒုဗိုလ်မှူးကြီးက ဆိုပါတယ်။ ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း ဆန္ဒပြသူ အများအပြားက mask များ တပ်ထားကြပေမဲ့ အားလုံးမဟုတ်ကြောင်းနဲ့ ဥပဒေစိုးမိုးရေးအမှုထမ်းတွေဟာလည်း mask မတပ်ထားသူတွေ အများအပြားရှိခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: AFP)

အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၂ သန်းကျော်နဲ့ သေဆုံးသူ ၁၁၀,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ COVID-19 ကူးစက်ခံရသူ ၇.၂ သန်းကျော်နဲ့ သေဆုံးသူ ၄၀၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

ဂျော့ဂျ်ဖြစ်ရပ်

မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ငွေအတု ကိုင်တွယ်သုံးစွဲကြောင်း သတင်းနဲ့ဆက်စပ်ပြီး ရဲတပ်ဖွဲ့က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကို ဖမ်းဆီးခဲ့စဥ် ရဲအရာရှိတစ်ဦးရဲ့ လုပ်ရပ်ကြောင့် သေဆုံးသွားခဲ့ပါတယ်။ လက်ထိပ်ခတ်ထားပြီးတဲ့ ဂျော့ဂျ်ရဲ့ လည်ပင်းကို ရဲအရာရှိ Derek Chauvin က ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့ရာမှ သေဆုံးခဲ့တာဖြစ်ပါတယ်။

(Photo: Reuters)

Derek Chauvin ဟာ လူမည်းအမျိုးသား ဂျော့ဂျ်ရဲ့ လည်ပင်းကို ဖိနင်းထားပြီး ဂျော့ဂျ်က အသက်မရှူနိုင်တော့ကြောင်း တောင်းပန်ပြောကြားပေမဲ့ ဆက်လက် ဖိနင်းထားခဲ့တဲ့ မှတ်တမ်းဗီဒီယိုလည်း အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်ခဲ့ပါတယ်။ မေ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မေ ၂၆ ရက် မွန်းလွဲပိုင်းက မင်နီယာပိုလစ်မြို့မှစတင်ကာ ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပါတယ်။

ဆန္ဒပြမှုတွေနဲ့အတူ အကြမ်းဖက် ဆူပူအုံကြွမှု၊ လုယက်ဖျက်ဆီးမှု၊ မီရှို့မှုတွေလည်း ဖြစ်ပွားလာခဲ့ရာ အမေရိကန်တစ်ဝှမ်း အစောင့်တပ်ဖွဲ့များ ဖြန့်ကျက်ချထားပြီး အခြေအနေကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်ခဲ့ရပါတယ်။ အနည်းဆုံး အမေရိကန်ရှိ မြို့ ၃၀ ကျော်မှာ ဆန္ဒပြ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၂၅ မြို့ထက်မနည်းမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ရပါတယ်။

(Photo: Tyrone Turner / DCist/WAMU)

ဂျော့ဂျ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို ဒုတိယဒီဂရီ လူသတ်မှု၊ တတိယဒီဂရီ လူသတ်မှုနဲ့ ဒုတိယဒီဂရီ လူသေစေမှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။ ဇွန် ၈ ရက်နေ့မှာတော့ ၎င်းကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး တရားရုံးက အာမခံကြေးကို ကြိုတင်သတ်မှတ်ချက်များပါရှိပါက ဒေါ်လာ ၁ သန်းနဲ့ ကြိုတင်သတ်မှတ်များ မပါရှိပါက ဒေါ်လာ ၁.၂၅ သန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ လာမယ့် ဇွန် ၂၉ ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ ဂျော့ဂျ်သေဆုံးမှုဖြစ်စဥ်မှာ အတူရှိနေခဲ့တဲ့ အခြား ရဲအရာရှိ သုံးဦးကိုလည်း ဖမ်းဆီးထားပြီး လူသတ်မှုမှာ အားပေးကူညီမှုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က