နိုင်ငံတစ်ဝှမ်း ဆူပူအုံကြွမှုတွေကိုလည်း ပြည်တွင်း အကြမ်းဖက်လုပ်ရပ်များအဖြစ် ထရန့်က ရှုတ်ချလိုက်ပါတယ်။

ဝါရှင်တန်မှာ နောက်ထပ် ဆန္ဒပြ ဆူပူအုံကြွမှုတွေကို တားဆီးရန် လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ထောင်နဲ့ချီ ဖြန့်ကျချထားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က တနင်္လာနေ့ (ဇွန် ၁ ရက်) မှာ ပြောကြားလိုက်ပါတယ်။

မနေ့က ညတုန်းက မြို့ထဲမှာ ဖြစ်ခဲ့တာက လုံးဝ ရှက်စရာကောင်းပါတယ်


(Photo: Reuters)

အမေရိကန်မြို့တော် ဝါရှင်တန်မှာ မေ ၃၁ ရက် နှောင်းပိုင်းက သမ္မတအိမ်ဖြူတော်အနီးမှာပင် ဆူပူအုံကြွမှုများ ဖြစ်ပွားလာခဲ့ပြီး အဆောက်အအုံများနဲ့ အထိမ်းအမှတ်နေရာများကို ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။ "မနေ့က ညတုန်းက မြို့ထဲမှာ ဖြစ်ခဲ့တာက လုံးဝ ရှက်စရာကောင်းပါတယ်" လို့ ထရန့်က နိုင်ငံကိုပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။ ထရန့်က လူထုဆူပူအုံကြွမှုကို နှိမ်နင်းရန် အမေရိကန်စစ်တပ် ဖြန့်ကျချထားမယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြောင်း The Guardian သတင်းက ဖော်ပြပါတယ်။

အိမ်ဖြူတော်အနီး ပန်းခြံငယ်တစ်ခုအတွင်း ဆန္ဒပြလူအုပ်နဲ့ လုံခြုံရေးများ အကြမ်းဖက် ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အိမ်ဖြူတော်အနီး ဆန္ဒပြ ဆူပူအုံကြွမှုတွေ ရှိလာခဲ့ရာ သမ္မတထရန့်ကို အေးဂျင့်တွေက ကတုတ်ကျင်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးများ၊ ငရုပ်ကောင်းစပရေးများနဲ့ အလင်းဗုံးများသုံးကာ လူစုခွဲရန် လုပ်ဆောင်ခဲ့ကြပါတယ်။

အိမ်ဖြူတော်အနီး ဆူပူအုံကြွမှုတွေ ရှိလာခဲ့ရာ သမ္မတထရန့်ကို အေးဂျင့်တွေက ကတုတ်ကျင်းသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်

(Photo: Reuters)

ဆန္ဒပြလူအုပ်က အိမ်ဖြူတော်အနီး မီးရှို့ခဲ့ကြပြီး ပစ္စည်းများကို ဖျက်ဆီးခဲ့ပါတယ်။ ‌မေ ၂၅ ရက်နေ့က မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ ငွေအတုသုံးစွဲကြောင်း သံသယရှိမှုဖြင့် ရဲတပ်ဖွဲ့က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်ဒ်ကို ဖမ်းဆီးခဲ့စဥ် ရဲအရာရှိတစ်ဦးက လည်ပင်းကို ဒူးခေါင်းဖြင့် ဖိနင်းခဲ့မှုကြောင့် သေဆုံးခဲ့ပါတယ်။

လက်ထိပ်ခတ်ခံထားရတဲ့ လူမည်းအမျိုးသားက အသက်ရှူလို့မရတော့ကြောင်း တောင်းပန်းနေခဲ့ပေမဲ့ ရဲအရာရှိက ဒူးခေါင်းဖြင့် ဆက်ဖိထားခဲ့တာကို ဗီဒီယိုမှတ်တမ်းမှာ တွေ့ကြရပါတယ်။ ထိုဖြစ်ရပ်ကို ဒေါသတကြီးဖြင့် ဆန္ဒပြမှုတွေ အမေရိကန် မြို့တွေမှာ ပေါ်ပေါက်လာခဲ့ပြီး ဆူပူအုံကြွမှုများ ဖြစ်လာခဲ့ပါတယ်။


(Photo: AFP)

ယခုအခါ အမေရိကန်တစ်ဝှမ်း ဆန္ဒပြ ဆူပူအုံကြွမှုတွေ ခုနစ်ရက်မြောက်နေ့ ဆက်လက် ဖြစ်ပွားနေခဲ့ကြောင်းလည်း သိရပါတယ်။ ဝါရှင်တန်ဒီစီ၊ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်၊ ချီကာဂိုနဲ့ အတ္တလန်တာ အပါအဝင် အမေရိကန်နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၃၀ ထက်မနည်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြမှုများအပြင် ဆိုင်များကို ဖျက်ဆီးလုယက်မှု၊ ရဲကားများကို မီးရှိုးမှု၊ အဆောက်အအုံများကို မီးရှို့မှု အပါအဝင် အကြမ်းဖက် ဆူပူအုံကြွမှုတွေ အမေရိကန်တစ်ဝှမ်းမှာ ဖြစ်ပွားနေခဲ့ပါတယ်။ ဆူပူအုံကြွမှုတွေကြောင့် အမေရိကန် မြို့ ၂၅ မြို့ထက်မနည်းမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပါတယ်။

ထောင်နဲ့ချီတဲ့ စစ်သားတွေ၊ စစ်ဘက်အမှုထမ်းတွေနဲ့ ဥပဒေစိုးမိုးရေးအရာရှိတွေကို စေလွှတ်ထားပါတယ်

(Photo: AFP via Getty Images)

ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း လုယက်ခံရတဲ့ ဆိုင်ရှင်တွေကို လူအုပ်စုက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်မှု၊ ဆန္ဒပြလူအုပ်စုအတွင်း လောင်စာဆီတင်ယာဥ်ဖြင့် ဝင်တိုက်မှုတွေ၊ ရဲကားက ဆန္ဒပြလူအုပ်ကို ဝင်တိုက်မှုတွေလည်းရှိခဲ့ပြီး ဝရုန်းသုန်းကား အခြေအနေဖြစ်နေခဲ့ပါတယ်။

"ဆူပူအုံကြွတာ၊ လုယက်တာ၊ ဖျက်ဆီးတာ၊ တိုက်ခိုက်တာနဲ့ အကြောင်းမဲ့သက်သက် အဆောက်အအုံတွေကို ဖျက်းဆီးတာတွေ ရပ်တန်ဖို့ ကျွန်တော် ထောင်နဲ့ချီတဲ့ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်သားတွေ၊ စစ်ဘက်အမှုထမ်းတွေနဲ့ ဥပဒေစိုးမိုးရေးအရာရှိတွေကို စေလွှတ်ထားပါတယ်" လို့ သမ္မတထရန့်က ပြောပါတယ်။

(Photo: AP)

နိုင်ငံတစ်ဝှမ်း ဆူပူအုံကြွမှုတွေကိုလည်း ပြည်တွင်း အကြမ်းဖက်လုပ်ရပ်များအဖြစ် ထရန့်က ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုကို စီစဥ်သူများအနေနဲ့ ရာဇဝတ်ပြစ်မှုအရ ပြစ်ဒဏ်ပေးခံရပြီး နှစ်ရှည်ထောင်ဒဏ် ကျခံရမယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ဆန္ဒပြ ဆူပူအုံကြွမှုတွေကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်တဲ့ အစောင့်တပ်ဖွဲ့ဝင်ဦးရေ ဖြန့်ကျချထားရန်လည်း သမ္မတထရန့်က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို တိုက်တွန်းခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်
လက်ရှိအချိန်အထိ ဆူပူအုံကြွမှုတွေကို ကိုင်တွယ်ဖြေရှင်းရန် အစောင့်တပ်ဖွဲ့ဝင် ၁၆,၀၀၀ ဖြန့်ကျချထားပြီး ဖြစ်ပါတယ်။ လူမည်းအမျိုးသား ဂျော့ဂျ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ၎င်းကို ဒူးခေါင်းဖြင့် ဖိနင်းထားခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ရဲအရာရှိ Derek Chauvin ကို တတိယဒီဂရီ လူသတ်မှုနဲ့ လူသေစေမှုတို့ဖြင့် စွဲချက်တင်ထားပြီး လာမယ့် သီတင်းပတ်အတွင်း တရားရုံးထုတ် ကြားနာစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဂျော့ဂျ်ဖြစ်ရပ်မှာ Derek Chauvin နဲ့ အတူရှိနေခဲ့တဲ့ အခြား ရဲအရာရှိ သုံးဦးကိုတော့ အလုပ်ထုတ်လိုက်ပါတယ်။

(Photo: Reuters)

ဇွန် ၁ ရက်နေ့က ဂျော့ဂျ်ရဲ့အလောင်းကို တရားဝင် စစ်ဆေးခဲ့မှုအရ ဂျော့ဂျ်သေဆုံးမှုဟာ လူသတ်မှုတစ်ခုဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ပါတယ်။ ထိုသို့ လူသတ်မှုအဖြစ် ကြေညာလိုက်ပြီးနောက်ပိုင်း အမေရိကန်တစ်ဝှမ်းမှာ ဆန္ဒပြ ဆူပူအုံကြွမှုတွေ ပိုမို ဖြစ်ပွားလာနိုင်ခြေရှိနေကြောင်း The Guardian က ပြောပါတယ်။

ဂျော့ဂျ် သေဆုံးမှုဟာ လတ်တလောအတွင်း ဂျော်ဂျီယာမှာ Amhaud Arbery နဲ့ ကင်တက်ကီမှာ Breonna Taylor အမည်ရှိ လူမည်းများ အပါအဝင် ရဲတပ်ဖွဲ့ကြောင့် လူအမည်းအမေရိကန်များ သေဆုံးရမှုအပေါ် ကာလရှည်ကြာ ဒေါသဖြစ်နေကြမှုကို ပိုမိုဆိုးရွားလာစေခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ အမေရိကန်မှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ပြည်သူလူထု ဆူပူအုံကြွမှုတွေအနက် တစ်ခုဖြစ်လာခဲ့ပါတယ်။

.

Share

Loading Next Article...
က္က