စာမေးပွဲ ၁၃ ခုထက်မနည်းကို အစားဖြေဆိုစေခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၎င်းအစား စာမေးပွဲဖြေဆိုပေးရန် ရုပ်ချင်းဆင်တူသူ ရှစ်ဦးအထိကို ငှားရမ်းအသုံးပြုခဲ့တဲ့ လွှတ်တော်အမတ်တစ်ဦး တက္ကသိုလ်မှ ထုတ်ပယ်ခံခဲ့ရကြောင်း အာဏာပိုင်တွေက တနင်္လာနေ့ (အောက်တိုဘာ ၂၁ ရက်) မှာ ပြောပါတယ်။

(လွှတ်တော်အမတ် တာမန်နာ) (Photo: Nagorik TV)

ဘင်္ဂလားဒေ့ရှ် အာဏာရပါတီ Awame League မှ အမျိုးသမီး လွှတ်တော်အမတ် တာမန်နာ နူစ်ရတ်က သူမနဲ့ရုပ်ချင်းဆင်တူတွေကို ရှာဖွေငှားရမ်းပြီး သူမအဖြစ်ဟန်ဆောင်ကာ စာမေးပွဲ ၁၃ ခုထက်မနည်းကို ဖြေဆိုစေခဲ့တယ်လို့ သိရပါတယ်။ တာမန်နာက Bangladesh Open University (BOU) မှာ ဘီအေဘွဲ့အတွက် (Bachelor of Arts) ကျောင်းတက်ရန် စာရင်းပေးသွင်းထားခဲ့တယ်လို့ ဆိုပါတယ်။



ပုဂ္ဂလိက ရုပ်မြင်သံကြားသတင်းဌာန Nagorik TV က အဆိုပါတက္ကသိုလ်ရဲ့ စာမေးပွဲခန်းတစ်ခုသို့ သွားရောက်ခဲ့ပြီး လွှတ်တော်အမတ် တာမန်နာအဖြစ် ဟန်ဆောင်ထားသူ အမျိုးသမီးတစ်ဦးကို တွေ့ဆုံမေးမြန်းခဲ့တဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့လာခဲ့ရာမှ ယခုဖြစ်ရပ် လူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။

(လွှတ်တော်အမတ်ဟန်ဆောင်သူနှင့် လွှတ်တော်အမတ် တာမန်နာ) (Photo: Nagorik TV)

ယခုသတင်းနဲ့ပတ်သက်ပြီး တာမန်နာကို ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းပြန်ဖြေကြားခြင်း မရှိခဲ့ဘူးလို့ BBC သတင်းဌာနက ဖော်ပြပါတယ်။ "သူမက ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့တာဖြစ်လို့ ကျွန်တော်တို့ သူမကို ကျောင်းထုတ်လိုက်ပါပြီ" လို့ BOU အကြီးအကဲ အမ်အေမန်နန်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

"သူမအစား စာမေးပွဲဖြေပေးတဲ့ ကျောင်းသူတွေကို လွှတ်တော်အမတ်ရဲ့လူတွေက ကာကွယ်ပေးထားတယ်လေ၊ လူတိုင်းက ဒီလိုလုပ်နေတာသိတယ်၊ ဒါပေမဲ့ သူမက အရမ်းသြဇာရှိတဲ့ မိသားစုကဖြစ်နေတော့ ဘယ်သူမှ အသံမထွက်ကြဘူးလေ" လို့ ကောလိပကျောင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

(ဘင်္ဂလားဒေ့ရှ်ကျောင်းတစ်ကျောင်းမှာ စာမေးပွဲဖြေဆိုနေစဉ်) (Photo: AFP)

အမျိုးသမီး လွှတ်တော်အမတ် တာမန်နာဟာ ၂၀၁၁ ခုနှစ်က သေနတ်ဖြင့်တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့သူ ဒါကာမြို့ Narsingdi ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စာမေးပွဲနဲ့ပတ်သက်ပြီး လိမ်လည်ဖြေဆိုမှု၊ စာခိုးချမှု၊ စာမေးပွဲများမတိုင်မီ မေးခွန်းပေါက်ကြားမှုတွေ ဖြစ်လေ့ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက စာမေးပွဲရလဒ်တွေကို မကြာခဏ ပယ်ဖျက်နေရကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က