စပိန်အရှေ့တောင်ပိုင်း ဒေသတွေမှာ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
Ko John

စပိန်အရှေ့တောင်ပိုင်းမှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး လူဦးရေ ၃,၅၀၀ နေအိမ်များမှ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

(Photo: EPA)

Valencia, Murcia နဲ့ Andalucia အရှေ့ပိုင်းတို့မှာ ကြာသပတေးနေ့ (စက်တင်ဘာ ၁၂ ရက်) က စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေများလျှံတက်ခဲ့ပါတယ်။ ရေကြီးမှုအတွင်း မော်တော်ယာဉ်များ မျောပါသွားခဲ့ပြီး လူသုံးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အခြား အမျိုးသားတစ်ဦးဟာ အမြန်လမ်းမကြီးပေါ်ရှိ ရေကြီးခဲ့တဲ့ ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိပြီးနောက် သေဆုံးခဲ့ပါတယ်။

Valencia ရှိ Redovan ကျေးရွာမှ နောက်ထပ် အမျိုးသားတစ်ဦးကတော့ ယမန်နေ့ (စက်တင်ဘာ ၁၃ ရက်) အစောပိုင်းမှာ ၎င်းရဲ့နေအိမ်ကနေ လမ်းလျှောက်ထွက်ခွာသွားခဲ့ပြီးနောက် ရေကြီးမှုအတွင်း သေဆုံးနေတာတွေ့ရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: BBC)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမများပိတ်ဆို့ခဲ့ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါတယ်။ Murcia နဲ့ Almeria ရှိ လေဆိပ်နှစ်ခုကို ပိတ်ခဲ့ရပြီး ခရီးသည်များ သောင်တင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်နဲ့ စစ်သားများ ထောင်နဲ့ချီပြီး ရေဘေးကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ကြပါတယ်။

ကယ်ဆယ်ရေးမှာ စက်လှေနဲ့ ရဟတ်ယာဉ်အချို့ အသုံးပြုခဲ့ကြောင်းလည်း သိရပါတယ်။ စပိန်ရေကြီးမှုအတွင်း အမျိုးသားတစ်ဦးဟာ လမ်းညွှန်ဆိုင်းဘုတ်ပေါ်ကို တက်ရောက်နေခဲ့ပြီး ကယ်ဆယ်ရေးတွေကို စောင့်နေခဲ့ရတယ်လို့ အရေးပေါ်ဝန်ထမ်းတစ်ဦးက Reuters ကို ပြောပါတယ်။

(Photo: EPA)

ရေကြီးမှုဖြစ်ပေါ်တဲ့ ဒေသရှိ ရထားလိုင်းတွေနဲ့ စာသင်ကျောင်း အများအပြားကို ရာသီဥတုဆိုးရွားမှုကြောင့် ရပ်ဆိုင်းပိတ်ပင်ထားခဲ့ရပါတယ်။ Valencia တစ်နေရာတည်းမှာ ကျောင်းသူကျောင်းသား ၆၈၉,၀၀၀ တက်ရောက်နေတဲ့ စာသင်ကျောင်းတွေ ပိတ်ခဲ့ရတယ်လို့ AFP သတင်းက ဖော်ပြထားပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


က္က