ရုရှားနိုင်ငံမှ နာမည်ကြီး အင်စတာဂရမ် စတားတစ်ဦးကို ဓားဒဏ်ရာတွေနဲ့အတူ သူမ ငှားရမ်းနေထိုင်တဲ့ တိုက်ခန်းထဲမှာ သေဆုံးလျက်သား တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: Ekaterina Karaglanova/Instagram)
ချောမောလှပတဲ့ အသက် ၂၄ နှစ်အရွယ် အင်စတာဂရမ်စတား ရုရှားသူ အက်ကာတာရီနာ ကာရက်လာနိုဗာရဲ့ အလောင်းကို ခရီးဆောင်အိတ်တစ်လုံးအတွင်း သောကြာနေ့ (ဇူလိုင် ၂၆ ရက်) က တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ကာရက်လာနိုဗာက မိသားစုကို ရက်အနည်းငယ်ကြာ အဆက်အသွယ် မလုပ်ခဲ့ရာမှ ၎င်းရဲ့မိသားစုက သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Ekaterina Karaglanova/Instagram)
ကာရက်လာနိုဗာက လတ်တလောမှာ အချစ်သစ်တွေ့ထားပြီး ယနေ့ (ဇူလိုင် ၃၀ ရက်) မှာကျရောက်မယ့် သူမရဲ့မွေးနေ့ပွဲကျင်းပရန် နယ်သာလန်နိုင်ငံကို ခရီးထွက်ဖို့စီစဉ်ထားတယ်လို့ ရုရှားနေ့စဉ်သတင်းစာ Moskovsky Komsomolets (MK) က ဖော်ပြပါတယ်။ သို့သော် နယ်သာလန်ခရီးစဉ် မတိုင်မီ ရက်များအတွင်း ကာရက်လာနိုဗာကို ဆက်သွယ်လို့မရနိုင် ဖြစ်ခဲ့ရာမှာ သူမရဲ့ မိသားစုက စိုးရိမ်ပူပန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့နောက် မိသားစုက ကာရက်လာနိုဗာ ငှားရမ်နေထိုင်တဲ့ အိမ်ခန်းပိုင်ရှင်ထံ ဆက်သွယ်ပြီး သူမရဲ့အခန်းကို ဝင်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ ထိုသို့ ဝင်ရောက်ကြည့်ရှုခဲ့ရာ ကာရက်လနိုဗာရဲ့ အလောင်းကို တိုက်ခန်းလျှောက်လမ်းနေရာရှိ ခရီးဆောင်အိတ်အတွင်း တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။
(Photo: Ekaterina Karaglanova/Instagram)
သူမရဲ့ ဖခင်က အရေးပေါ် လူနာတင်ကားကို အကူအညီတောင်းခဲ့ပေမဲ့ ကာရက်လာနိုဗာဟာ လည်ပင်းလှီးဖြတ်ခံထားရတဲ့ ဓားဒဏ်ရာဖြင့် သေဆုံးနှင့်ပြီးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ သူမရဲ့ တိုက်ခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ လက္ခဏာနဲ့ လက်နက်တစ်စုံတစ်ခု မတွေ့ရှိခဲ့ရဘူးလို့ ရုရှားသတင်းစာ MK က ပြောပါတယ်။
သတင်းစာက ဖော်ပြမှုအရ ကာရက်လာနိုဗာ ပျောက်ဆုံးနေတဲ့ ရက်များအတွင်း သူမရဲ့ ချစ်သူဟောင်းက တိုက်ခန်းကို လာရောက်ခဲ့တာကို CCTV မှတ်တမ်းမှာတွေ့ရတယ်လို့ ဆိုပါတယ်။ သို့သော် ထို CCTV မှတ်တမ်းနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ်အနေနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေခဲ့ခြင်းရှိ မရှိကိုတော့ MK သတင်းစာက မဖော်ပြခဲ့ပါဘူး။
(Photo: Ekaterina Karaglanova/Instagram)
ကာရက်လာနိုဗာဟာ အင်တာဂရမ်မှာ အလှဓာတ်ပုံတွေ ပုံမှန်တင်လေ့ရှိပြီး follower တွေက သူမဟာ ၁၉၉၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဗြိတိသျှမင်းသမီး Audrey Hepburn နဲ့ ရုပ်ချင်းတူကြောင်း ပြောလေ့ရှိကြပါတယ်။ ပြီးခဲ့တ့ မတ်လအတွင်း ကာရက်လာနိုဗာ တင်ထားခဲ့တဲ့ အင်စတာဂရမ်ပို့စ်တစ်ခုမှာတော့ သူမရဲ့တိုက်ခန်းကို ပြန်လည်ပြင်ဆင်မယ့်အကြောင်း၊ ခရီးစဉ်တွေအကြောင်း ပြောထားခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် သူမ တွေးနေတဲ့ အရေးကြီးကိစ္စတစ်ခုလည်း လုပ်ဆောင်ရန်ရှိကြောင်း အခုအချိန်မှာတော့ မပြောသေးကြောင်းလည်း ကာရက်လာနိုဗာက အင်စတာဂရမ်ပို့စ်မှာ ရေးသားထားခဲ့ပါတယ်။ ကာရက်လာနိုဗာရဲ့ အင်စတာဂရမ်ပို့စ်တွေမှာ ဥရောပတစ်လွှား သူမ သွားရောက်ခဲ့တဲ့ နေရာတွေလည်း ပါဝင်ခဲ့ပါတယ်။
(Photo: Ekaterina Karaglanova/Instagram)
သူမရဲ့ အင်စတာဂရမ် နောက်ဆုံးပို့စ်ကတော့ ဂရိနိုင်ငံမှ Corfu ကျွန်းကို ရောက်ရှိခဲ့စဉ်က ဓာတ်ပုံနဲ့အတူ 'မကြာခဏ ခရီးထွက်ရတာ ကြိုက်တယ်၊ ဒါပေမဲ့ တစ်နိုင်ငံမှာ ၃ ရက်ကနေ ၅ ရက်ထက်ပိုကြာပြီး မနေဘူး' လို့ ကာရက်လာနိုဗာက ရေးထားခဲ့ပါတယ်။ ကာရက်လာနိုဗာဟာ သူမရဲ့ အင်စတာဂရမ်အကောင့်အပြင် ရုရှားမှာ ထင်ရှားကျော်ကြားပြီး ပရိသတ်ထောင်ပေါင်းများစွာရှိတဲ့ ခရီးသွားဘလော့ဂ်တစ်ခုကိုလည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။
သူမက မော်စကိုမြို့ရှိ ဆေးဘက်ဆိုင်ရာကျောင်းမှာ နေထိုင်ခွင့်ရရှိထားပြီး အရေးပြားအထူးကု ဆရာဝန်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေကြောင်း သိရပါတယ်။ လက်ရှိမှာ ကာရက်လာနိုဗာရဲ့ အမှုကိစ္စကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။