မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကာတာကျိုးပေါက်သွားခဲ့ပါတယ်။

ရုရှားနိုင်ငံ ဆိုက်ဘီးရီးယားဒေသမှာ ရွှေတွင်းတစ်ခုရှိ ရေကာတာကျိုးကျခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံပြီး အခြား ၁၃ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

(Photo: Russian Ministry of Emergency Situations)

Kransnoyarsk မြို့ဧရိယာအတွင်း ဆိုက်ဘီးရီးယားမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ရေကာတာဟာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် စနေနေ့ (အောက်တိုဘာ ၁၉ ရက်) က ကျိုးပေါက်သွားခဲ့ရာ ရွှေတွင်းအလုပ်သမားများ နေထိုင်ကြတဲ့ ယာယီအိမ်ငယ်များ ရေနစ်မြုပ်မျောပါသွားခဲ့ပါတယ်။



ရုရှားကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ရွှေတွင်းလုပ်သား ၁၄ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနဲ့ ၎င်းတို့အနက်သုံးဦးဟာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ရေကာတာတည်ဆောက်ရာမှာ စံချိန်စံညွှန်းနဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေ မလိုက်နာခဲ့ကြောင်း စွပ်စွဲမှုများအပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။

(Photo: Russian Ministry of Emergency Situations)

"ဒီရေကာတာကို သူတို့ဘာသာ တည်ဆောက်ခဲ့ကြတယ်၊ ကျွန်တော် စဉ်းစားနိုင်သလောက်နဲ့ မစဉ်းစားနိုင်တဲ့ စည်းမျဉ်းသတ်မှတ်တွေအားလုံးကို မလိုက်နာခဲ့ကြဘူးလို့ ယုံကြည်ပါတယ်" လို့ Krasnoyarsk ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အကြီးအကဲ ယူရီလက်ပ်ရှင်းက ပြောခဲ့ကြောင်း RIA သတင်းဌာနက ဖော်ပြပါတယ်။

ရွှေတွင်းနေရာမှာ ရေကာတာကျိုးပေါက်မှု ဖြစ်ရပ်နဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ အကူအညီများပေးရန်နဲ့ ရေကာတာကျိုးပေါက်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားထားတယ်လို့ ၎င်းရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

(Photo: Russian Ministry of Emergency Situations)

ရေကာတာကျိုးပေါက်ခဲ့ပြီးနောက် ရွှေတွင်လုပ်သားများ နေထိုင်ကြတဲ့ ယာယီအိမ်ငယ်အချို့ဟာ ရေထဲမှာမျောပါသွားခဲ့ကြောင်း ရုရှားသတင်းဌာန Interfax က ဆိုပါတယ်။ ရေကာတာကျိုးပေါက်မှု ဖြစ်ပွားခဲ့တဲ့ ရွှေတွင်းဟာ မော်စကိုမြို့အရှေ့ဘက် မိုင် ၂,၅၀၀ ကွာဝေးတဲ့ Kransnoyarsk မြို့ရဲ့တောင်ဘက် မိုင် ၁၀၀ ခန့်မှာ တည်ရှိပါတယ်။

ရေကာတာကျိုးပေါက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးသမား အများအပြားက ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေပြီး ဒဏ်ရာရသူတွေကို ကူညီပေးခဲ့ကြပါတယ်။ အဆိုပါ ရေကာတာကျိုးပေါက်ခဲ့ပြီးနောက် ဆိုက်ဘီးရီးယားမြစ်အတွင်း ရေများတိုးလာခဲ့ကာ ဒေသတွင်း ရေကြီးမှုတွေဖြစ်ပေါ်လာမှုကြောင့် အနီးအနားရှိ Kuragino ကျေးရွာမှာနေထိုင်သူတွေကို ရွှေ့ပြောင်းစေခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က