အာတိတ်သမုဒ္ဒရာအတွင်း သုတေသနလုပ်ငန်းများ လုပ်ဆောင်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ရုရှားရေတပ်မှ သုတေသနလုပ်ငန်းသုံး ရေငုပ်သင်္ဘော (submersible) ထဲမှာ မီးလောင်ခဲ့မှုကြောင့် အမှုထမ်း ၁၄ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

(ရေငုပ်သင်္ဘောမီးလောင်မှုအတွင်း သေဆုံးခဲ့သည့် အမှုထမ်းများ) (Photo: Oruzhiye RF)

အဆိုပါ ရေငုပ်သင်္ဘောဟာ တနင်္လာနေ့ (ဇူလိုင် ၁ ရက်) က အာတိတ်သမုဒ္ဒရာအတွင်း ရုရှားရေပြင်ပိုင်နက်မှာ သုတေသနလုပ်ငန်းများ လုပ်ဆောင်နေစဉ် မီးလောင်မှုဖြစ်ခဲ့ရာ အမှုထမ်းများ မီးခိုးမွန်းကျပ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။



ရေငုပ်သင်္ဘောထဲအတွင်း မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး လက်ရှိမှာ Murmansk ဒေသရှိ ရုရှားရေတပ်ရဲ့ Northern Fleet ရေတပ်သင်္ဘောအုပ်စု အဓိက အခြေစိုက်ဆိပ်ကမ်း Severomorsk မှာ ဆိုက်ကပ်ထားတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ ရေငုပ်သင်္ဘောမီးလောင်မှုဟာ ဘက်ထရီထားရှိတဲ့ အခန်းနေရာကနေ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(ရုရှားရေတပ်ရဲ့ Severomorsk အခြေစိုက်ဆိပ်ကမ်း) (Photo: STR/EPA)

သုတေသနလုပ်ငန်းသုံး ရေငုပ်သင်္ဘော (submersible) ဟာ အရွယ်အစား ပိုမိုသေးငယ်ပြီး လူဦးရေအကန့်အသတ်ဖြင့်သာ လိုက်ပါနိုင်ကာ ရေပြင်ပေါ်ရှိ သင်္ဘောများအကူအညီဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြပါတယ်။ ထင်ရှားတဲ့ ရုရှားရေငုပ်သင်္ဘော မတော်တဆမှုအဖြစ် ၂၀၀၀ ပြည့်နှစ် သြဂုတ်လအတွင်း Kursk ရေငုပ်သင်္ဘောဟာ Barents ပင်လယ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် ပျက်စီးခဲ့ပြီး ရေငုပ်သင်္ဘောအမှုထမ်း ၁၁၈ ဦး သေဆုံးမှုဖြစ်ပွားခဲ့ဖူးပါတယ်။ Kursk ရေငုပ်သင်္ဘောဟာလည်း ရုရှားရေတပ်ရဲ့ Northern Fleet ရေတပ်သင်္ဘောအုပ်စုမှပင် ဖြစ်တယ်လို့သိရပါတယ်။

အဆိုးဆုံးဖြစ်ခဲ့တဲ့ ရေငုပ်သင်္ဘော မတော်တဆမှုများ

ရေငုပ်သင်္ဘော မတော်တဆမှုတွေ ဖြစ်ပွားမှုနည်းပါးလေ့ရှိပြီး အဆိုးဆုံး မှတ်တမ်းဝင်ခဲ့တဲ့ မတော်တဆမှုအချို့ကို ဖော်ပြထားပါတယ်။

  • အမှုထမ်း ၄၄ ဦး လိုက်ပါသွားတဲ့ အာဂျင်တီးနားရေတပ်ရဲ့ ARA San Juan ရေငုပ်သင်္ဘောဟာ ၂၀၁၇ ခုနှစ်အတွင်း တောင်အတ္တလန်တိတ်သမုဒ္ဒရာမှာ ပုံမှန်ကင်းလှည့်နေစဉ် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဆိုပါ ရေငုပ်သင်္ဘောပျက်ကို နောက်တစ်နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။
  • ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံရဲ့ Great Wall အမည်ရှိ ရေငုပ်သင်္ဘောထဲမှာ ဒီဇယ်အင်ဂျင်ချို့ယွင်းရာမှ ထွက်ပေါ်လာတဲ့ မီးခိုးများကြောင့် အမှုထမ်း ၇၀ လုံး သေဆုံးခဲ့ပါတယ်။

(Kursk ရေငုပ်သင်္ဘောဖြစ်ရပ် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့စဉ်) (Photo: RU-RTR Russian Television via AP)

  • ရုရှားရေတပ်မှ Kursk ရေငုပ်သင်္ဘောဟာ ၂၀၀၀ ပြည့်နှစ်က လေကျင့်မှုတစ်ခုအတွင်း တော်ပီဒိုပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ပြီး လိုက်ပါလာတဲ့ အမှုထမ်း ၁၁၈ ဦးလုံး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေအနက် ၂၃ ဦးဟာ တော်ပီဒိုပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာ အသက်ရှင်ခဲ့ကြသေးပေမဲ့ အောက်စီဂျင်ပြတ်လပ်မှုကြောင့် နောက်ပိုင်းမှာ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
  • ၁၉၆၈ ခုနှစ်က အတ္တလန်တိတ်သမုဒ္ဒရာအတွင်း အမေရိကန်ရေတပ်ရဲ့ USS Scorpion ရေငုပ်သင်္ဘောဟာ ပျက်စီးခဲ့ပြီး အမှုထပ် ၉၉ ဦးလုံး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ တော်ပီဒိုပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
  • ၁၉၆၃ ခုနှစ်အတွင်း အမေရိကန်ရေတပ်မှ USS Thresher ရေငုပ်သင်္ဘော စမ်းသပ်မှုလုပ်ဆောင်စဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ လိုက်ပါသွားတဲ့ အမှုထမ်း ၁၂၉ ဦးလုံး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ သမိုင်းတစ်လျှောက် ရေငုပ်သင်္ဘော မတော်တဆမှုကြောင့် လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က