အငြင်းအခုန်ဖြစ်ရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
Ko John

ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်ဆဲလ်မန်းရဲ့ လူသိများထင်ရှားတဲ့ အနီးကပ် ကိုယ်ရံတော်တစ်ဦးဟာ သူငယ်ချင်းတစ်ဦးရဲ့နေအိမ်မှာ အငြင်းအခုန်ဖြစ်ရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

(Photo: AAWSAT)

ဘုရင်ဆဲလ်မန်းရဲ့ အနီးကပ် ကိုယ်ရံတော် ဗိုလ်ချုပ်အဗ္ဗဒဲလ်လာဇစ် အယ်လ်ဖဂ်ဟမ် ပစ်သတ်ခံရမှုသတင်းဟာ သေနတ်ဖြင့် အကြမ်းဖက်မှု ဖြစ်ပွားမှုရှားပါးတဲ့ ဆော်ဒီမှာ အံ့အားသင့်တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။ ဘုရင်ဆဲလ်မန်းရဲ့အနီးမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ ဗိုလ်ချုပ်ဖဂ်ဟမ်ဟာ စက်တင်ဘာ ၂၈ ရက် ညပိုင်းက ဆော်ဒီအနောက်ပိုင်း ဂျက်ဒါမြို့မှာ သေဆုံးခဲ့ကြောင်း မက္ကာမြို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင်သတင်းဌာန Saudi Press Agency (SPA) က ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးရဲ့ အဆိုအရ သေနတ်သမားကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ကြောင်း၊ သို့သော် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဘုရင်ဆဲလ်မန်းရဲ့ ကိုယ်ရံတော် ဗိုလ်ချုပ်ဖဂ်ဟမ်က ဂျက်ဒါမြို့ရှိ ၎င်းရဲ့ သူငယ်ချင်းနေအိမ်ကို သွားရောက်လည်ပတ်ခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Reuters)

ဗိုလ်ချုပ်ဖဂ်ဟမ်က အဆိုပါနေအိမ်မှာ ရောက်ရှိနေစဉ် နောက်ထပ် သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မန်ဒူအယ်လ်အလီဆိုသူလည်း ရောက်ရှိလာခဲ့ပြီးနောက် အငြင်းအခုံဖြစ်ပြီး စကားများခဲ့ကြတယ်လို့ ဆိုပါတယ်။ "ဖဂ်ဟမ်နဲ့ အလီတို့ကြား စကားများခဲ့ကြပြီး အလီက အဲဒီအိမ်ကနေ ပြန်သွားတယ်၊ နောက်တော့ သေနတ်တစ်လက်နဲ့အတူ ပြန်ရောက်လာပြီး ဖဂ်ဟမ်ကို ပစ်ခဲ့တယ်၊ အိမ်ထဲမှာရှိနေတဲ့ အိမ်ပိုင်ရှင်ရဲ့အစ်ကိုနဲ့ ဖိလစ်ပိုင်လူမျိုး အလုပ်သမားတို့လည်း သေနတ်ဒဏ်ရာရခဲ့ကြတယ်" လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Getty Images)

ပစ်ခတ်ပြီးနောက် အလီက အဖမ်းမခံဘဲ နေအိမ်တစ်အိမ်ထဲမှာ ဝင်ရောက်ခိုလှုံနေခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယခုဖြစ်ရပ်ဟာ ပုဂ္ဂိုလ်ရေး အငြင်းအခုံဖြစ် စကားများရာမှ ဖြစ်ပွားခဲ့ကြောင်း ဆော်ဒီအစိုးရ ရုပ်မြင်သံကြားသတင်းဌာန Al-Ekhbariya က ပြောခဲ့ပြီး နောက်ထပ် အသေးစိတ်ကိုတော့ မဖော်ပြခဲ့ပါဘူး။

သေနတ်ဖြင့် အပစ်ခံရတဲ့ ဗိုလ်ချုပ်ဖဂ်ဟမ်ဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပြီး ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဗိုလ်ချုပ်ဖဂ်ဟမ်ဟာ အရပ်အမောင်းမြင့်မားကာ ကျစ်လစ်တဲ့ခန္ဓာကိုယ်ရှိပြီး ဘုရင်ဆဲလ်မန်းရဲ့ အနီးကပ် ကိုယ်ရံတော်အဖြစ် ဆော်ဒီပြည်သူတွေကြား လူသိများထင်ရှားပါတယ်။

(Photo: Getty Images)

၎င်းကို သတင်းဓာတ်ပုံများမှာလည်း ဆော်ဒီဘုရင်နဲ့ အနီးကပ်နေရာမှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဗိုလ်ချုပ်ဖဂ်ဟမ်ဟာ ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ယခင် ဆော်ဒီဘုရင် အဗ္ဗဒူလာကိုလည်း ကိုယ်ရံတော်အဖြစ် စောင့်ရှောက်ခဲ့သူဖြစ်ပါတယ်။ ဆော်ဒီဘုရင်ဆဲလ်မန်းရဲ့ အနီးကပ် ကိုယ်ရံတော် ဗိုလ်ချုပ်ဖဂ်ဟမ်ကို တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၉ ရက်) ညနေပိုင်းက မက္ကာမြို့ရှိ ဂရိတ်ဗလီအနီး မြှုပ်နှံခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။


က္က