မလေးရှားမှာ သွားလာလှုပ်ရှားမှုထိန်းချုပ်မိန့်ကို ချိုးဖောက်သူများအား ရဲတပ်ဖွဲ့က အိမ်ပြန်ရန် ကနဦး အကြံပြုပြောကြားပြီး မလိုက်နာသူတွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
CNA သတင်းဌာနက ကွာလာလမ်ပူရဲတပ်ဖွဲ့အကြီးအကဲ Mazlan Lazim နဲ့ ယနေ့ (ဧပြီ ၂ ရက်) အင်တာဗျူးပြုလုပ်ခဲ့ရာမှာ ရဲအရာရှိတွေအနေနဲ့ သွားလာလှုပ်ရှားမှုထိန်းချုပ်မိန့် (Movement Control Order - MCO) ကို ချိုးဖောက်သူများအား မဖမ်းဆီးခင်မှာ အကြောင်းအရာများစွာ ထည့်သွင်းစဥ်းစားကြောင်း ပြောပါတယ်။
အဆိုပါ စာရွက်စာတမ်း အထောက်အထားများ မပါရှိသူတွေကိုတော့ အိမ်ပြန်ခိုင်းမှာဖြစ်ပြီး မလိုက်နာပါက ရဲတပ်ဖွဲ့က ဖမ်းဆီးသွားမယ်လို့ Mazlan Lazim က ပြောပါတယ်။ "တစ်ခါတလေ ကျွန်တော်တို့က လူတွေကို အိမ်ပြန်ဖို့ပြောတဲ့အခါ သူတို့က ကျွန်တော်တို့ရဲ့ အရာရှိတွေကို ရိုင်းပျတဲ့ တုံ့ပြန်မှုတွေတောင် လုပ်ကြပါတယ်၊ ဒီလိုမျိုးဖြစ်ရင်တော့ ကျွန်တော်တို့က သူတို့ကို ဖမ်းဆီးရမှာပါ" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။
မလေးရှားမှာ မတ်လ ၁၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပထမအဆင့် သွားလာလှုပ်ရှာမှုထိန်းချုပ်မိန့် MCO ကို ထုတ်ပြန်ထားခဲ့ပြီး ယမန်နေ့မှာတော့ ထိုအမိန့်ကို လာမယ့် ဧပြီ ၁၄ ရက်နေ့အထိ နောက်ထပ် သီတင်းနှစ်ပတ် တိုးချဲ့လိုက်ပါတယ်။ မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အာဆီယံဒေသတွင်း COVID-19 ကူးစက်မှုအများဆုံးလည်း ဖြစ်ပါတယ်။
ယနေ့ ညနေပိုင်းအထိ စာရင်းတွေအရ မလေးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၁၁၆ ဦးနဲ့ သေဆုံးသူ ၅၀ ဦးရှိလာပြီး ၇၆၇ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။ ထိုအတောအတွင်း မလေးရှားမှာ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုဟာ ဧပြီလလယ်ပိုင်းမှာ အမြင့်ဆုံးဖြစ်လာမယ်လို့ မယ်လို့ ခန့်မှန်းထားပြီး ကူးစက်မှုနှုန်း လျော့ကျသွားမယ့် အရိပ်လက္ခဏာများရှိကြောင်း မလေးရှား၊ ဘူရူနိုင်းနဲ့ စင်ကာပူနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ကိုယ်စားလှယ်က ယနေ့ ပြောကြားကြောင်း သိရပါတယ်။