အပျက်အစီးများထဲမှ လူ ၂၁ ဦးကို ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ပြုပြင်ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခု ပြိုကျခဲ့မှုကြောင့် လူငါးဦးသေဆုံးခဲ့ပါတယ်။ ယနေ့ (မေ ၁၆ ရက်) ဖြစ်ပွားခဲ့တဲ့ ပြုပြင်ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျမှုအတွင်း အပျက်အစီးများထဲမှ လူ ၂၁ ဦးကို ကယ်ဆယ်ရေးသမားတွေက ဆွဲထုတ်ကယ်ဆယ်ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Weibo/SCMP)

ရှန်ဟိုင်းမြို့လယ်ရှိ နှစ်ထပ်အဆောက်အအုံကို ပြုပြင်ဆောက်လုပ်နေစဉ် ယနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲခန့်မှာ ပြိုကျသွားခဲ့ပြီး လူ ၂၀ ခန့်ပိတ်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ဆိုရှယ်မီဒီယာမှာ ပြောခဲ့ပါတယ်။



တရုတ် အရေးပေါ်ဝန်ကြီးဌာနရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်ပြထားမှုအရ သွေးသံရဲရဲနဲ့ ဖုန်များပေကျံနေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို အဆောက်အအုံ အပျက်အစီးများထဲမှ ဆွဲထုတ်ကယ်ဆယ်နေခဲ့တာ တွေ့ရပါတယ်။ ရှန်ဟိုင်းမြို့ Changning ခရိုင်ရှိ အဆိုပါ အဆောက်အအုံဟာ ယခင်က Mercedes-Benz ကားအရောင်းပြခန်းအဖြစ် အသုံးပြုခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

(Photo: AFP)

ထိုအဆောက်အအုံကို လက်ရှိမှာ အနုပညာနဲ့ တီထွင်ဆန်းသစ်မှုလုပ်ငန်းတွေ ပူးတွဲလုပ်ကိုင်ရန် ပြုပြင်ဆောက်လုပ်နေခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။ ဒေသခံ အမျိုးသမီးတစ်ဦးက AFP သတင်းဌာနကို ပြောကြားမှုအရ သူမ လမ်းလျှောက်လာစဉ် ရုတ်တရက် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာခဲ့ပြီးနောက် ကျယ်လောင်တဲ့ ဝုန်းခနဲ အသံကြီးတစ်ခုကို ကြားလိုက်ရကြောင်း သိရပါတယ်။

"ကျွန်မ ပထမတုန်းက ပေါက်ကွဲမှုတစ်ခု ဖြစ်တယ်လို့ ထင်ခဲ့မိတယ်" လို့ အဆိုပါ ဒေသခံအမျိုးသမီးက ပြောပါတယ်။ မီးသတ်ကယ်ဆယ်ရေးဌာနက အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးဒဏ်ရာရမှု အခြေအနေကို တရားဝင် ထုတ်ပြန်ခဲ့ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

(Photo: Thomas Yau)

အာဏာပိုင်တွေက အဆောက်အအုံ ပြိုကျခဲ့တဲ့နေရာကို ပိတ်ပင်ထားလိုက်ပြီး လုံခြုံရေးအများအပြား စောင့်ကြပ်နေကာ သတင်းထောက်တွေကို အနီးကပ်မလာရန် တားမြစ်ခဲ့ကြောင်းသိရပါတယ်။ ရှန်ဟိုင်းမြို့ အာဏာပိုင်တွေက အဆောက်အအုံပြိုကျမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

ပြုပြင်ဆောက်လုပ်နေစဉ် ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ စတုရန်းပေ ၃၂,၀၀၀ ကျော် အကျယ်အဝန်းရှိတယ်လို့ တရုတ်မီဒီယာတွေက ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာတွေ့ရတဲ့ ကောင်းကင်ဓာတ်ပုံတွေအရ အဆောက်အအုံ တစ်ဝက်ခန့်ရဲ့အမိုး ပြိုကျနေတာတွေ့ရပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံမှာ အရည်အသွေးနိမ့် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုမရှိခြင်းတို့ကြောင့် အဆောက်အအုံပြိုကျမှုတွေ လတ်တလော နှစ်များအတွင်း ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း တရုတ်အရှေ့ပိုင်း Wenzhou မြို့မှာ ရွှေ့ပြောင်းလုပ်သားများ စုပေါင်းနေထိုင်ကြတဲ့ အရည်အသွေးနိမ့် တိုက်ခန်းတွဲအဆောက်အအုံ ပြိုကျမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က